မတ်-၂၀၊၂၀၂၅။မိထက်/People’s Spring
အင်းတော်တို့စစ်ကူသွားသောစစ်တပ်စစ်ကြောင်း အင်းတော်နှင့် ကသာမြို့နယ်ကြားတွင် စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အမှတ် (၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)ထဲသို့ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်နေသည်။
မတ်လ ၁၆ရက်မှစ၍ ကသာမြို့မှ ခမရ(၃၀၉)အတွင်းသို့ ရဟတ်ယာဉ် ငါးကြိမ်ဆင်းသက်ခဲ့ပြီး လူနှင့်လက်နက်ခဲယမ်းများပို့နေသည်ဟု PDFတဦးကပြောသည်။
“ရေလမ်းရော၊ ကုန်းလမ်းရော သုံးမရတော့ လေကြောင်းကနေ အင်အားပြန်ဖြည့်နေတာ။ ဒီတခါလည်း စစ်သင်တန်းဆင်းတွေပိုများတယ်။ တပ်ရှေ့ကိုတော့ ဘယ်သူ့ကိုမှဖြတ်ခွင့်မပေးဘဲကြိတ်လုပ်နေကြတယ်”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

Public Service Announcement
မတ်လ ၁၅ရက်က တော်လှန်ရေးတပ်များက ပိတ်ဆို့၍ မြိူ့သိမ်းတိုက်ပွဲဆင်နွှဲနေသော အင်းတော်မြို့သို့ စစ်ကူသွားရန် ခမရ(၃၀၉)မှ ထွက်လာသည့်အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား အင်းတော်နှင့်ကသာမြို့နယ်ကြားတွင် KIA ၊ PDF နှင့်ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦးဖမ်းမိပြီး၄၀ဦးခန့် သေဆုံးခဲ့သည်။
စစ်သုံ့ပန်း ၂၉ဦး၌ စစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်းခံရသူအချို့နှင့်အရာရှိအချို့ပါဝင်သည်။
“သုံ့ပန်းစစ်ဆေးနေဆဲပဲ။အဖမ်းခံရတော့လည်း သူတို့မှာလုံးဝအပြစ်မရှိသလို ပြောတယ်ဗျာ။ ကြောက်လည်းကြောက်တတ်ကြတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မတ်လ ၁၅ရက်က တိုက်ပွဲအတွင်း ပြည်သူ့ကာကွာကွယ်ရေးတပ်ဘက်မှ ထိခိုက်သူအချို့ရှိခဲ့သည်။အင်းတော်မြို့သိမ်းတိုက်ပွဲကို ABSDF ၊ PDF နှင့် ပူးပေါင်းတပ်များက ၂၀၂၄ မှစ၍တိုက်ခိုက်နေဖြစ်သည်။
