Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ လေကြောင်းအပြင်းအထန်ခုခံနေသော်လည်း အောင်ပွဲများရထားဟု CNO/CNDF ပြော

ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းစခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် တိုက်ခိုက်​နေ​​သော ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- PDF Zoland

မတ်-၂၂၊၂၀၁၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ် များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

ယနေ့(မတ်လ ၂၂ရက်)ကျင်းပသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်၏ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွင် ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားလာခြင်းဖြစ်သည်။

စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသော်လည်း ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်ကြောင်း CNO/CNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်ရေးအခြေအနေအရ ဘယ်ပွိုင့်တွေ သိမ်းထားတယ်၊ ဘယ်မှာ ကျနော်တို့နေတယ်ဆိုတဲ့ဟာကျ လတ်တလောမှာပြောပြလို့ အဆင်မပြေသေးတဲ့အနေအထားမှာရှိတယ်”ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။

ထို့အပြင် အခြေအနေ တစ်ရက်ပြီး၊ တစ်ရက် ပိုကောင်းလာပြီး ရဲဘော်များ ရှေ့ဆက်တိုးနိုင်သည်ဟု ဆိုသည်။

” ကျနော်တို့ ရရင်ရသလောက် နောက်မဆုတ်ဘဲနဲ့ မကြာခင် ချင်းပြည်နဲ့ ချင်းလူမျိုးလွတ်မြောက်ဖို့ အတွက်ကို အကောင်းဆုံးရကို ရရမယ်လို့ မျှော်လင့်ပါတယ်။ သတင်းကောင်းလည်း အမြန်ဆုံးရနိုင်ဖို့ မြေပြင်က တပ်မှူးတွေအပါအဝင် တာဝန်ရှိတဲ့သူတွေ အဘက်ဘက်က ကူညီထောက်ပံ့နေတဲ့ ပြည်သူတွေနဲ့အတူ ကျနော်တို့ လက်ရှိမှာ တိုက်ပွဲဝင်နေပါတယ်”ဟု ၎င်းက ပြောသည်။

မဟာမိတ်အင်အားစုများမှာ တိုက်ပွဲအတွင်းထိခိုက်ကျဆုံးမှုများ ရှိသော်လည်း လက်ရှိ အခြေအနေတွင် ပိုကောင်းမွန်သည့် အနိုင်ရရှိမှုများလည်းရှိဟု အသိပေးသည်။

ဖလမ်းမြို့သည် ချင်းမြောက်၌ စစ်ကောင်စီတပ်ရင်းစခန်းကို ပထမဆုံးတိုက်ခိုက်သည့် တိုက်ပွဲဖြစ်၍ စိန်ခေါ်မှုများစွာရှိနေသည်ဟု CNO/CNDF တာဝန်ရှိသူက ပြောသည်။

” ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာ တပ်ရင်းအဆင့်ရှိတဲ့စခန်း ပထမဆုံး သိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ပေးကြပါ။ ဒီဟာအောင်မြင်သွားရင် တီးတိန်မြို့သိမ်းပွဲလည်း လွယ်ကူသွားမယ်။ ဟားခါး ထန်တလန်လည်း လွယ်ကူသွားမှာ ဖြစ်တယ်ဆိုတော့ အဲဒါကို စကစလည်းသိတဲ့အတွက်ကြောင့် တောက်လျှောက်ကို ဖိအားပေးပြီးမှ လေကြောင်းနဲ့ ထိုးနေတာလည်းဖြစ်တယ်။နိုင်ဖို့လည်း နီးကပ်နေပါပြီ”ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။

တော်လှန်ရေးတွင် ကိုယ်တက်နိုင်သည့်ဘက်က ပါဝင်ပါက သေချာပေါက်အောင်မြင်မည်ဖြစ်ပြီး ဖလမ်းမြို့သိမ်းပွဲ မကြာခင်အောင်မြင်မှုရရှိကာ အောင်ပွဲကိုအသိပေး ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း CNO/CNDFတာဝန်ရှိသူက ပြောကြားသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာဒုတိယပတ်တွင် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

မင်းတပ် မြို့ကျပြီးနောက် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်များလည်း ညတွင်းချင်းဆုတ်ခွာသွား၍ ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက်ခုခံနေပြီး လေကြောင်းမှ စစ်အင်အားများထပ်မံဖြည့်တင်းလျက်ရှိသည်။ ထိုသို့ စစ်ကူစစ်အင်အားများကိုလည်း ချင်းညီနောင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများခဲ့ပြီး စစ်သုံ့ပမ်းများစွာလည်း ဖမ်းဆီးရရှိထားသည်။

CNO/CNDF ပါဝင်သည့် ချင်းညီနောင်သည် မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ကုန်းအပြီးသတ် သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်လျက်ရှိရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဖမ်းဆီးရရှိထားကြောင်းလည်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက အတည်ပြုထားသည်။

တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာသာမက ဖလမ်းမြို့နယ်ရှိ ကျေးရွာအချို့ကိုပါ လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုအချို့လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။