ဩဂုတ် ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ဟာအရေးကြီးပြီး ဦးဆောင်သူအချို့ မှားတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တခုလုံးရော အခြားခေါင်းဆောင်များရောနဲ့ ဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေ နစ်နာမှု ဖြစ်ရကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ဇူလိုင် ၃၁ရက်က စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နဲ့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ရာမှာ ချင်းညီနောင်အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ရဲ့ အမည်လည်း ပါဝင်ခဲ့ရာ အဲဒီလို သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဆလိုင်းယောမာန်က ဒီကနေ့ ဩဂုတ် ၁ရက်မှာ လူမှုကွန်ရက်ပေါ် အခုလို ရေးသားခဲ့တာပါ။
၂ ဦး၊ ၃ ဦးဆောင်ရတာပဲ ဖြစ်ဖြစ်၊ ၂၀၊ ၃၀ ဦးဆောင်ရတာကစလို့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရသူတွေအထိ ခေါင်းဆောင်ဟာ အလွန်အရေးပါတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement
“ ခံယူချက်ခိုင်မာဖို့၊ အခြေအနေအရပ်ရပ်ကို နားလည်ဖို့၊ စဉ်းစားမြော်မြင်မှုကောင်းဖို့ အရေးကြီးတယ်။ ဦးဆောင်သူတချို့မှားတာနဲ့ အဖွဲ့အစည်းတစ်ခုလုံးရော၊ အခြားခေါင်းဆောင်တွေရော… အထူးသဖြင့် အဲဒီဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေက အနစ်နာရဆုံးပဲ။ သူတို့မှာ အချိန်တွေကုန် လူပင်ပန်း၊ လုပ်အားတွေကုန်၊ ယုံကြည်မှုတွေ သစ္စာဖောက်ခံရပြီး အနာဂတ်မှာ လမ်းပျောက်ကြရတယ်။ ဒီလိုနေရာမှာဆို.. အသက်ပေးခဲ့ရသူတွေ၊ မသန်စွမ်းဖြစ်သွားသူတွေ၊ ဒဏ်ရာအနာတရကြားထဲက ရှေ့ဆက်နေရသူတွေကို… နောက်ဆုံး ပြည်သူကို၊ တော်လှန်ရေးကို အဆုံးစွန်စော်ကားတာပဲ။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
CNO က စစ်အုပ်စုနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တဲ့နေ့မှာပဲ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက CNO/CNDF ဟာ လူမျိုးနွယ်စု သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်အတွက် ရပ်တည်တဲ့ အဖွဲ့ မဟုတ်ကြောင်း အသိပေးကာ အဖွဲ့အနေနဲ့ တော်လှန်ရေးကို ဆက်လုပ်ဆောင်နေဆဲလို့ ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာလည်း ချင်းလူမျိုးအားလုံးရဲ့ သဘောတူညီမှု စည်းလုံးညီညွတ်မှုနဲ့ ပေါ်ပေါက်လာတဲ့ ဆွေးနွေးမှုတွေ မရှိမချင်း တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆလိုင်းတင်မီက အသိပေးပါတယ်။
စစ်အုပ်စုက CNOနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလည်း အဖွဲ့အနေနဲ့ ပြည်သူတွေ သိရှိနိုင်ဖို့ မကြာမီ တရားဝင်သတင်းထုတ်ပြန်ဖို့ရှိကြောင်းလည်း ဆလိုင်းတင်မီက ပြောပါတယ်။
CNO/CNDFဟာ နွေဦးတော်လှန်ရေးကာလမှ ပေါ်ပေါက်လာတဲ့ ဖလမ်းမြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်သလို စစ်တပ်ကို အထိနာအောင်တိုက်ခိုက်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။
CNOက စစ်အုပ်စုနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ရဲ့ ရပ်တည်ချက်သဘောထားကို မေးမြန်းဖို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကို မဟာမိတ်တွေနဲ့အတူ သိမ်းပိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ဖလမ်းပြန်ရဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကိုလည်း ၆လကျော်ကြာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲ ခုခံတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ကာ ၂၀၂၆ ဧပြီမှာ ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။


















































