ကချင်ပြည်နယ်၊ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ “ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရှမ်းနီနဲ့ပြည်သူ့စစ်တွေကို ရဟတ်ယာဉ်နဲ့လာပို့တာ။ညနေ ၆နာရီအထိ လေကြောင်းပျံသန်းမှုတွေရှိတယ်။ KIA ကလည်း စစ်ရေးပြင်ထားပြီ”ဟု အဆိုပါဒေသခံက ပြောသည်။
တချိန်တည်းတွင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်သည့်သတင်းများကြောင့် ယနေ့ညပိုင်းတွင် ကျောက်တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။
