မတ်လ-၂၃။၂၀၁၅။ သတိုး၊ရဲခေါင်/People’s Spring
ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ယနေ့(မတ်လ ၂၃ ရက်) နံနက် ၈ နာရီခန့်က ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။
ပန်းဘဲတန်းမြို့နယ်၊ဗန္ဓုလလမ်း၊ ၂၉လမ်းနှင့်လမ်း ၃၀ကြားရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရသည်မှာ မှန်ကန်ကြောင်းလည်း အဆိုပါ ဆိုင် ဝန်ထမ်းအချို့က အတည်ပြုသည်။
“ဖြစ်စဥ်က မှန်ပါတယ်။လောလောဆယ် ရုံးကိစ္စတွေလုပ်နေလို့ပါ”ဟု တိတ်ရှိန်ရွှေဆိုင်ဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
သို့သော် ဓားပြတိုက်ခံရသည့် ဖြစ်စဥ် အသေးစိတ်ကိုမှု ဖြေကြားခြင်းမရှိပေ။
“ဆိုင်ဖွင့်ဖွင့်ချင်းပဲ တိုက်ခံရတာ။ အမျိုးသား လေးယောက် ပါတယ်ပြောတယ်။အခုတော့ စကစ ရဲတွေ ဖြစ်စဥ်နေရာအနီးတစ်ဝိုက်မှာရှိနေတယ်”ဟု တိတ်ရှိန်ရွှေဆိုင်အနီးရှိသူတစ်ဦးက ၎င်းကြားသိရသည့် ဖြစ်စဥ်ကို ရှင်းပြသည်။
ရန်ကုန်၊မန္တလေးကဲ့သို့ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများရှိ ရွှေဆိုင်နှင့်ရွှေဆိုင်များမကြာ ခဏ ဓားပြတိုက် လုယက်ခံရမှုဖြစ်နေသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ တိုက်ခန်းများနှင့် ရပ်ကွက်စျေးဆိုင်အထိပါ အနုကြမ်းစီးခံရမှုဖြစ်ပြီး လူသတ်ခံရသည့် ဖြစ်စဥ်အချို့ပါ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်။
Data For myanmarနှင့် People’s Spring၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ရွှေဆိုင်ဓားပြတိုက်ခံရသည့်ဖြစ်စဥ် ၆၁ခု ထက်မနည်းရှိသည်။
ရွှေဆိုင် ဓားပြတိုက်၊ လုယက်မှုများအနက် ဖြစ်စဥ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စစ်ကောင်စီက ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်များသည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း ကချင်နှင့် ရှမ်းပြည်နယ်တို့လည်း ဖြစ်စဉ်အချို့ရှိသည်။


















































