Connect with us

Hi, what are you looking for?

သတင်း

ကဗျာဆရာ စောဝေ၏သမီး နိုင်ကျဥ်း​ဟောင်း မရွှန်းစိမ့်စိမ့် ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စောဝေ၏ သမီး အသက် ၃၄နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်သည် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် မတ်လ၂၃ရက်နံနက်ပိုင်းကကွယ်လွန်သွားသည်။

ကဖေး/People’s Spring

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စောဝေ၏ သမီး အသက် ၃၄နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်သည် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် မတ်လ၂၃ရက်နံနက်ပိုင်းကကွယ်လွန်သွားသည်။

ကဗျာဆရာစောဝေက မိမိ​၏မွေး​နေ့တွင်မှ မြင့်မြတ်ရာဘုံသို့ထွက်ခွါသွား​သော သမီးငယ်​လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ရွှန်းစိမ့်စိမ့်သက်တံသို့ ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် ကဗျာတစ်ပုဒ်ရေးသားရင်း မရွှန်းစိမ့်စိမ့်ကွယ်လွန်ကြောင်း အသိပေးထားသည်။

ယ​နေ့ (မတ်လ ၂၃ ရက်​နေ့)သည် ကဗျာဆရာစောဝေ၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သမီးဖြစ်သူ မရွှန်းစိမ့်စိမ့်သည်ယနေ့တွင်ပင်ကွယ်လွန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၁၉၉၁ ခုနှစ် ဩဂုတ်လ ၇ရက်က မွေးဖွားခဲ့သော မရွှန်းစိမ့်စိမ့်သည် အသက် ၃၀ နှစ်အရွယ် ၂၀၂၁ မေလတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်သင်တန်း တက်ရောက်ခဲ့သည်ဟုဆိုကာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီကထောင်ချမှတ်ခဲ့ပြီး၃ နှစ်ခန့်ကျပြီးနောက် ပြန်လွတ်မြောက်လာခဲ့သည်ဟု မရွှန်းစိမ့်စိမ့်၏ မိတ်ဆွေတစ်ဦးကပြောသည်။

၎င်းက ” အစောဆုံးထောင်ကျတဲ့အထဲမှာပါခဲ့သူ ဖြစ်တယ်။သူတို့ ခံယူချက်နဲ့ ယုံကြည်ချက်က သိပ်ဖြူစင်တယ်။ စိတ်မကောင်းအလွန်ဖြစ်ရပါတယ်”ဟု ပြောသည်။

မရွှန်းစိမ့်စိမ့်သည် အူယောင်ရောဂါခံစားနေရသူဖြစ်ပြီးပြင်ပဆေးခန်းတစ်ခုတွင် ကုသစဉ် အခြေအနေပိုဆိုးခဲ့သည်ဟုသိရသည်။ ထောင်ကျနေစဉ်ကျန်းမာရေးအခြေအနေဆိုးရွားခဲ့သည်ဟု သိရသည်။

ကဗျာဆရာစောဝေသည်ယုံကြည်ချက်ခိုင်မာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး စစ်အစိုးရလက်ထက်မှ ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်‌ရှားနေသူဖြစ်သည်။အာဏာရှင်‌ဟောင်းဦးသန်းရွှေလက်ထက်၂၀၀၈ခုနှစ်က ကဗျာဆရာ စောဝေသည် ၎င်းရေးသားသည့် ကဗျာတစ်ပုဒ်၌“အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု ရေးခဲ့၍ ဖမ်းဆီထောင်ချခံခဲ့ရသည်။

ပြန်လည်လွှတ်မြောက်ပြီးနောက်ပိုင်းလည်း စစ်အာဏာရှင်တော်လှန်ရေးဆက်လုပ်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသာ‌ နေသူဖြစ်သောကြောင့် ၂၀၀၉ ခုနှစ်တွင် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Mammett Award ဆု ချီးမြှင့်ခဲ့သည်။

လက်ရှိတွင် ပြည်ပ၌ ‌နေထိုင်ကာစစ်အာဏာရှင်တော်လှန်ရေးဆက်လုပ်နေသည်။

သမီးဖြစ်သူ ကွယ်လွန်ပြီးနောက် ကဗျာဆရာစောဝေက အောက်ပါအတိုင်း ကဗျာတစ်ပုဒ် ရေးသားထားသည်။

အရေးမပါတဲ့နေ့များ

မွေးနေ့တဲ့ မပျော်ထာ
ကမ္ဘာကြီးပေါ်လူသတ်နေကြ
မရပ်ဘူး။
လူ့အခွင့်ရေးနေ့တဲ့
ခလေးသူငယ်တွေကို
ချောဆွဲစစ်ထဲသွင်းနေတာ
မရပ်ဘူး။
ကမ္ဘာ့ကဗျာနေ့တဲ့
ပြည်တွင်းကကဗျာဆရာတွေ
ဖမ်းဆီးသတ်ဖြတ်ခံနေရတာ
မရပ်ဘူး။
အမျိုးသမီးများနေ့တဲ့
ဖမ်းဆီးနှိပ်စက် မဒိန်းကျင့်
သတ်ဖြတ်နေကြတာ
မရပ်ဘူး။
တောင်သူလယ်သမားနေ့တဲ့
လယ်တွေ၊ယာတွေ ၊ရွာတွေ
မီးရှို့ဗုံးကြဲနေတာ
မရပ်ဘူး။
မေတ္တာအခါတော်နေ့တဲ့
ဘုန်းကြီးအချို့ကလူသတ်သမားတွေကို
အခါပေးနေတာ
မရပ်ဘူး။
လွတ်လပ်ရေးနေ့တဲ့
ချုပ်ချယ်ကန့်သတ်
ပိတ်ပင်တားဆီးနေတာတွေ
မရပ်ဘူး။
အာဇာနည်နေ့တဲ့
အာဇာနည်ကြီးရဲ့သမီးကို
ဖမ်းဆီးထောင်ချတာ
မရပ်ဘူး။
ငြိမ်းချမ်းရေးနေ့တဲ့
လူသတ်စစ်လက်နက်ပစ္စည်းတွေ
ထုတ်လုပ်နေတာ
မရပ်ဘူး။
ဒီမိုကရေစီနေ့တဲ့
အာဏာရသွားတာနဲ့
လူ့ရပိုင်ခွင့်တွေကိုပိတ်သိမ်းတဲ့
အမိန့်တွေထုတ်ပြန်တာ
မရပ်ဘူး။
အ​ရေးမပါတဲ့​နေ့​လေးတ​နေ့မှာ​
မွေးခဲ့တဲ့လူတ​ယောက်ဟာ
နှလုံးနာနာနဲ့
အ​ရေးပါတဲ့မျက်ရည်​တွေကျ​နေရတာ
မရပ်ဘူး
မရပ်​တော့ဘူး။ ။

စော​ဝေ

(မိမိ​မွေး​နေ့တွင်မှမြင့်မြတ်ရာဘုံသို့ထွက်ခွါသွား​သော သမီးငယ်​လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ရွှန်းစိမ့်စိမ့်သက်တံသို့)(၇.၈.၁၉၉၁- ၂၃.၃.၂၀၂၅)

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့်လွတ်လပ်ရေးနေ့၌ လွတ်ငြိမ်းခွင့်ပေးသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို လိမ်လည်‌ကြေညာခဲ့သည့်စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးက စုပေါင်း၍ သဘောထားထုတ်ပြန်သည်။