မတ် ၂၄၊ ၂၀၂၅။ မိထက်/People’s Spring
ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးရိုးမအစပ်မှ ကျေးရွာတစ်ရွာကို ယမန်နေ့(မတ်လ ၂၃ရက်)ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်ကပြောသည်။
“တိုက်ပွဲမရှိဘဲ စစ်ကြောင်းဝင်လာတာ။ စစ်ကြောင်းဝင်နေချိန် လေကြောင်းကပါ ပစ်တာ။ သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ ဒဏ်ရာရတာက အမျိုးသမီးတွေပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီအင်အား ၂၀၀ခန့်သည် နတ္တလင်းမြို့နယ် တောင်ညိုနှင့် လယ်မအင်းရွာ၌ ရှိနေပြီး ရိုးမအတွင်း စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ပဲခူးတိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့သည်။
ပဲခူးတိုင်းအတွင်း မင်းလှ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့တို့၌ တိုက်ပွဲများဖြစ်နေပြီး ယနေ့(မတ်လ ၂၄ရက်) နံနက် အစောပိုင်းကလည်း ပြည်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကြောင်း မြို့ခံအချို့ကပြောသည်။


















































