Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် ငလျင်ကယ်ဆယ်ရေး အားနည်းခဲ့ရဟု တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များပြော

စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီးတစ်ရက်အကြာ မန္တလေးမြို့မြင်ကွင်းများ။ ဓာတ်ပုံ - KO SI

■“သဘာဝဘေးအန္တရာယ်ကို ချေမှုန်းပစ်လို့မရဘူး။ သို့သော် အာဏာရှင်ဘေးကို ညီညွတ်တဲ့အားသာ ရှိရင် ကျွန်တော်တို့ ချေမှုန်းနိုင်ပါမယ်” ဒေါက်တာစိုးသူရဇော်

ဟန်နွေ/People’s Spring

စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ယမန်နေ့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မန္တလေးတိုင်း အပါအဝင် နိုင်ငံတဝန်း ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုများစွာ ရှိခဲ့သော်လည်း ကယ်ဆယ်ရေးပိုင်းတွင်လိုအပ်ချက်များစွာ ရှိနေပြီး အကူအညီများလိုအပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အားနည်းမှုသည် စစ်ကောင်စီ အပေါ် အယုံအကြည် အားနည်းမှုကြောင့် အဓိက ဖြစ်သည်ဟု ယူဆကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“နစ်နာတဲ့ ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းပါတယ်။ ကယ်ဆယ်ရေး အားနည်းသွားတာက နစ်နာသူတွေဆီ အလှူအတန်းတွေ လက်တွေ့ရောက်ရှိမှု အပေါ် ယုံကြည်မှု အားနည်းလို့ ထင်တယ်။ အဓိက ကတော့ တာဝန်ယူတဲ့ စကစအပေါ်ပေါ့”ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်ကလည်း မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် လူငယ်များ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေရပြီး အကယ်၍ အာဏာမသိမ်းခဲ့ပါက လူငယ်များစွာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေကြပြီဖြစ်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

“ဒီနေ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး၊ သေကြေနေကြရတဲ့ ပြည်သူတွေအတွက် သိန်းနဲ့ချီတဲ့ တောထဲက လူငယ်တွေဟာ စေတနာ့ဝန်ထမ်း အဖြစ်‌ ရရာနေရာကနေ ကူညီပါဝင်နေကြမှာ အသေအချာပဲ။ ခုတော့ ကိုယ်မကူနိုင်တဲ့ အခြေအနေတွေကို ထိုင်ကြည့်ပြီး စိတ်ထိခိုက်နေကြရတဲ့ ဘဝတွေ” ဟု ဆလိုင်းယောမာန်က ပြောသည်။

လူငယ်များသည် အာဏာမသိမ်းမီ ကိုဗစ်ကာလတွင် သေရမည်ကို မကြောက်ဘဲ Volunteer လုပ်ခဲ့ကြသည်ကို ဥပမာပေး ပြောပြသည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးကလည်း ယခု ငလျင် ဘေးသည် ခေတ်ကာလဖြင့်ယှဉ်ပြောရမည်ဆိုပါက အသုဘ အိမ် ဗုံးကြဲခံလိုက်ရသကဲ့သို့ ဖြစ်သည်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင်ရေးသားထားသည်။

“ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အပေါ်စေတနာထားတဲ့ ပြည်သူအစိုးရ အုပ်ချုပ်ချိန်မှာတောင် သဘာဝ ကပ်ဆိုးကြုံလာချိန်မှာ အစိုးရ ယန္တယားမလုံလောက်မှုကြောင့်ပြည်သူတွေ လူငယ်တွေ အကုန်ဝိုင်းကူကြရ လက်တွဲကျော်လွှားကြရတာပါ။ ခုတော့ ပြည်သူအပေါ် စေသနာယုတ်တဲ့ မအလ ကဘာမှ လုပ်ပေးမှာ မဟုတ်သလို ကူကြ ရုန်းကြ ရှေ့ထွက်လာကြမဲ့ လူငယ်တွေပရဟိတ သမားတွေ ကလည်းတောထဲ တောင်ထဲ တိုက်ပွဲတွေ ထဲမှာတိုင်းပြည်အရေး ပရဟိတ အသက်ပေးနေကြရချိန် ပြည်သူချင်း ချင်း ဒုက္ခဝေမျှကြ လက်တွဲ ကူကြပါ” ဟု ရဲဘော်ဝေကြီးက တိုက်တွန်းထားသည်။

တော်လှန်ရေးအောင်မြင်မှ ဖြစ်မည်ဟုလည်း ရဲဘော်ဝေကြီးက ရေးသားထားသည်။

မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်ကလည်း “ဝမ်းနည်း ခံပြင်းစရာအကောင်းဆုံး ကိစ္စတခုကတော့ ကျွန်တော်တို့ လုပ်အားတွေ ဆုံးရှုံးရခြင်းဘဲ။ အမှန်တကယ်ဆို ဒီကာလမှာ Scrub Suit အရောင်စုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အင်တိုက်အားတိုက် အလုပ်လုပ်ရမယ့် အချိန် ။ တအိမ်တယောက် ဆင့်ခေါ်စရာမလိုဘဲ ပြည်သူတွေ ဝိုင်းကြဝန်းကြမယ့်အချိန်” ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့ စည်းစိမ်၊ အာဏာတည်မြဲရေး အတွက် တိုင်းပြည်၏ ရင်းမြစ်ပေါင်းများစွာ စုပ်ယူဝါးမြိုနေ၍ တိုင်းပြည် ဖြူခါပြာခါ ကျလှပြီဟုလည်း ၎င်းက ဆိုသည်။

“ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးရတာတွေ အပြင် ငလျင်လှုပ်ခတ်ပြီးနောက်မှာ စနစ်ကျတဲ့ ကူညီကယ်ဆယ်မှုတွေ မလုပ်နိုင်တဲ့အတွက် ဆုံးရှုံးရမယ့် အသက်တွေလည်း မနည်းနိုင်ဘူး ။ကမ္ဘာတည်နေသရွေ့ သဘာဝဘေးအန္တရာယ်ဆိုတာ ရှိနေအုံးမှာပါ။ သဘာဝဘေးအန္တရာယ်ကို ချေမှုန်းပစ်လို့မရဘူး။ သို့သော် အာဏာရှင်ဘေးကို ညီညွတ်တဲ့အားသာ ရှိရင် ကျွန်တော်တို့ ချေမှုန်းနိုင်ပါမယ် ။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်တားဆီးလို့ မရဘူး။ သို့သော် …..အာဏာရှင်ဘေးကိုတော့ ကြိုတင် တားဆီးကာကွယ်ကြဖို့ လိုပါမယ်” ဟု ဒေါက်တာစိုးသူရဇော်က စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ရေး တိုက်တွန်းထားသည်။

အာဏာရှင်ဘေးကို ပယ်သတ်နိုင်မှ နောင်လာမည့် သဘာ၀ ဘေးသာမက အန္တရာယ်ပေါင်းစုံ ကြုံလာတိုင်း နိုင်ငံရေးစနစ်ကောင်းကောင်း အပေါ် အခြေခံပြီး အထိအခိုက်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း အသိပေးသည်။ အာဏာရှင်အမျိုးမျိုး ဆက်ရှိနေပါက မျိုးဆက်သစ်များအရွယ်ရောက်လာချိန်တွင်လည်း နောက်ထပ် နောက်ထပ်သော လူသားအရင်းအမြစ် ဆုံးရှုံးရမှုများ ထပ်ဖြစ်နေမည်ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။