မတ်-၃၁၊၂၀၂၅။တေဇ /People’s Spring
ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေး ပြုလုပ်ရာတွင် စစ်ကောင်စီ၏ နိုင်ငံရေး စစ်ရေးအမြတ်ထုတ်မှုမရှိစေရန် အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့်ဆောင်ရွက်ရန် ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၅ဖွဲ့က တိုက်တွန်းလိုက်သည်။
“သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်မိတ်ဖက်အဖွဲ့များ မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ စစ်အုပ်စုမှ ၎င်း၏နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးချခြင်းများ မရှိစေရေး သေချာစွာ ဆောင်ရွက်ရန် မိမိတို့မှ အလေးပေးတိုက်တွန်းလိုက်သည်။”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်ဒေသများအတွက် အာဆီယံအပါအဝင် နိုင်ငံတကာမှ အကူအညီများပေးရန် အရေးပေါ်လိုအပ် နေပြီး ယင်းကူညီမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာဒေသခံလူထုအခြေပြု အဖွဲ့အစည်းများနှင့် မြေပြင်ရှိကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှတစ်ဆင့်ပို့ဆောင်ပေးရန် ယင်းအဖွဲ့က အကြံပြုထားသည်။

Public Service Announcement
စစ်ကောင်စီသည် ၂၀၀၈ နာဂစ်တွင် ပြည်သူများအတွက်ပေးအပ်သည့် အကူအညီများကို တိုက်ရိုက်မပေးပဲ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမှပေးမည်ဆိုသည့် နိုင်ငံရေးအမြတ်ထုတ်မှုများရှိခဲ့သည်ဟု ထောက်ပြထားသည်။
“မြန်မာစစ်တပ်၏ အကူအညီများအပေါ် အမြတ်ထုတ်မှုသည် ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေပြီး၊ ယင်းကို မကြာသေးခင်က ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များဖြစ်သော ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမိုခါ၊ ၂၀၂၄ ခုနှစ်တွင်ဖြစ်ခဲ့သည့် တိုင်ဖုန်းယာဂီ၊ နှင့် ၎င်းတို့မှ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်ရာဇဝတ်မှုများအပေါ် တုံ့ပြန်သည့် ကယ်ဆယ်ရေးကြိုးပမ်းမှုများအပေါ် စစ်အုပ်စု၏ ပိတ်ဆို့မှုများနှင့် အမြတ်ထုတ်ခြယ်လှယ်မှုတို့က သက်သေအဖြစ်ရှိနေသည်။” ဟု ယင်းအဖွဲ့က ဆိုသည်။
မတ်လ ၂၈ ရက်ကဖြစ်ခဲ့သည့် ငလျင်ဖြစ်စဉ်တွင် သေဆုံးသူ ၂၅၀၀ ကျော်အထိရှိခဲ့ပြီး မန္လလေးနှင့် စစ်ကိုင်းသည် ထိခိုက်မှုနှင့်သေဆုံးမှုများဆုံးဖြစ်ကြောင်း ပရဟိတအသင်းများက ပြောသည်။
စစ်ကောင်စီသည် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများကိုလည်း ပိတ်ထားခဲ့သောကြောင့် ဒဏ်ရာရရှိသည့် လူနာများဆေးကုသသည့် အပိုင်း၌ နှောင့်နှေးခဲ့ရပြီးယခုကာလအတွင်း တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန် အတွက် အော်ပရေတာများမှာလိုင်းမကောင်းသည့်ပြင် အွန်လိုင်းအသုံးပြုရာတွင်လည်း VPN ခံရသောကြောင့် အလုပ်မတွင်ကြောင်း ဒေသံများကပြောသည်။
ထို့အပြင် NUGက ထိုးစစ်နှစ်ပတ်နားမည်ဟု ကြေညာခဲ့သော်လည်း စစ်ကောင်စီသည် နေ့စဉ်မပျက် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။


















































