ဧပြီ၁၊၂၀၂၅။ တေဇ၊သုည/People’s Spring
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် ဧပြီ ၁ ရက် နေ့လည်က လှည်းတန်းလူကူးခုံးတံတားပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများက ပြောသည်။
“အဲ့မမက ဓာတ်ပုံရိုက်နေတာပါ။ ပုံရိုက်ရင်းဖုန်းပြုတ်ကျတော့လှမ်းဖမ်းရင် အရှိန်လွန်ပြီးပြုတ်ကျတာပါ”ဟု ယင်းဖြစ်စဉ်ကိုမြင်ခဲ့သူတစ်ဦးက ပြောသည်။
ပြုတ်ကျသွားသည့် မိန်းကလေးကို အနီးအနားရှိ ပြည်သူများက အရေးပေါ်ကားဖြင့် ဆေးရုံသို့ပို့ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement
“သွေးခုန်နှုန်းတွေတအားကျပြီး နှာခမ်းတွေဖြူနေပြီ” ဟု လူနာအခြေအနေကို ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။
မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးကလည်း “ပြုတ်ကျတဲ့ ကောင်မလေးကို လူနာတင်ကားနဲ့ ဆေးရုံသယ်သွားပါပြီ။ သေတော့ မသေပါဘူး။ ဒဏ်ရာတော့ ပြင်းနိုင်ပါတယ်”ဟု ပြောသည်။
အမျိုးသမီး၏ အမည်မှာ ယွန်းနဒီဖြစ်ပြီး အသက်(၁၉)နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီး၏ ဖုန်းသည် YBS-131 ပေါ်သို့ပြုတ်ကျသွားခြင်းဖြစ်ပြီး အနီးအနားမှ ကားသမားကိုပြောခဲ့သော်လည်း ကားရပ်မပေးခဲ့ဟု မျက်မြင်တွေ့ခဲ့သူက ဆိုသည်။
အဆိုပါ လှည်းတန်း လူကူးခုံးတံတားကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပြီး ယခုနှစ် ဇန်နဝါရီကစ၍ ပြန်လည်အသုံးပြုခွင့်ရနေခြင်း ဖြစ်သည်။


















































