Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အဖြေလွှာများမီးလောင်သွားသည်ဆိုကာ နေပြည်တော်၊မန္တလေး၊စစ်ကိုင်းနှင့် ကချင်မှ ကျောင်းသားများ ဇွန်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမည်

စစ်အုပ်စုအား အာဏာရှင်ဟု စစ်တပ်အသိုင်းအဝိုင်းကပါ ဝေဖန်

ဧပြီ ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် အဖြေလွှာများမီးလောင်ပျက်စီးသွားသော နေပြည်တော်၊မန္တလေး၊စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသား ၆သောင်းကျော် စာမေးပွဲပြန်လည်ဖြေဆိုရန် စစ်ကောင်စီ၏ စာစစ်ဦးစီးဌာနက ယနေ့(ဧပြီ ၂၂ရက်)တွင် ကြေညာလိုက်သည်။

အဆိုပါဒေသလေးခုမှ တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် ဇွန်လ၁၆ရက်ကစ၍ စာမေးပွဲပြန်ဖြေရန် စစ်ကောင်စီက ကြေညာလိုက်ပြီး ယင်းအ‌ပေါ် စစ်တပ်အသိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

“တကယ့်အာဏာရှင်ပဲ။ ဘာမှ မစာနာပဲဆုံးဖြတ်တာ။ အကြံပေးတွေကလည်း သောက်တလွဲတွေပေးတာ”ဟု နေပြည်တော်မှ စစ်ကောင်စီဗိုလ်မှူးတစ်ဦး၏ မိန်းမဖြစ်သူက ပြောသည်။

Public Service Announcement

Public Service Announcement

နေပြည်တော်မှ စစ်ကောင်စီဗိုလ်မှူးတစ်ဦးကလည်း စစ်ခေါင်းဆောင်သည် အာဏာရှင်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး စစ်တပ်အသိုင်းအဝိုင်းမှပါ ဝေဖန်သည့်မှတ်ချက်များပေးနေကြသည်။

” ယုံကြည်မှုမရှိအောင်လုပ်နေတာ။ အကြံပေးတွေကပါ ပူးသတ်နေတာထင်တယ်။ စာမေးပွဲဖြေတယ်ဆိုတာ အခုကျက် အခုဖြေလို့ရတာမဟုတ်ဘူး။ စီမံခန့်ခွဲမှုအလွဲကြီး”ဟု စစ်ကောင်စီ ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင် ပြိုကျပြီး မီးလောင်သွားရာ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် မန္တလေးတိုင်းမှ ကျောင်းသားကျောင်းသူ ၄၆၉၄၄ ဦး၊ စစ်ကိုင်းတိုင်းမှ ၇၃၁၁ဦး၊ ကချင်ပြည်နယ်မှ ၈၆၉၉ဦး၏ အဖြေလွှာများ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ ငလျင်ဒဏ်သင့် ကျောင်းသားကျောင်းသူ ၆၂၉၅၄ဦးသည် စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အကျုံးဝင်နေသည်။

အဆိုပါကျောင်းသားများသည် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင်စာမေးပွဲများ ပြန်လည် ဖြေဆိုရမည်ဟု စစ်ကောင်စီက ‌ယနေ့ ကြေညာသည်။

” မအံ့ဩချင်ပေမယ့် အံ့ဩတယ်။ နေစရာတောင် မရှိသေးတာ။ ကလေးတွေ ဘယ်လိုစာပြန်ကျက်ရမလဲ”ဟု နေပြည်တော်လျှပ်စစ်ဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။

ငလျင်ကြောင့် ပျက်စီးသွားသည့်အဖြေလွှာများအတွက် စာမေးပွဲပြန်ဖြေရေး စီစဉ်ရန် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေးခရီးစဉ်တွင် ညွှန်ကြားခဲ့ပြီး ရက်၂၀ကျော်အကြာတွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကိုင်းင‌လျင်ကြီးကြောင့် သေဆုံးသူများထဲတွင် ကာယကံရှင်ကျောင်းသားအချို့လည်းပါဝင်နေသည်။ ဘေးသင့်သူများအား ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးတို့ကို ဦးစားပေးမဆောင်ရွက်ဘဲ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေသည်ဟု ပြသလို၍ ယခုကဲ့သို့အတင်းအကြပ်ဆောင်ရွက်နေခြင်းဟု မန္တလေးမြို့မှ ငလျင်ဘေးသင့်သူတစ်ဦးက ပြောသည်။

” ငလျင်ကြောင့် အိမ်ပြို၊ နေစရာက မရှိ။ ဘာမှပြန်မရ။ ကလေးတွေလည်း အဖိတ်အဆင်ရှ်ိတယ်။ ကလေးတွေရော လူကြီးတွေပါ စိတ်ဒဏ်ရာတွေနဲ့။ အဲဒီကြားထဲက ကလေးတွေအားလုံး စာမေးပွဲပြန်ဖြေရမယ်ဆိုတော့ ဘယ်လိုစခန်းသွားကြမလဲ။ စိတ်ဓာတ်ကျတယ်”ဟု ပြောသည်။

ဘေးသင့်ကျောင်းသူ၊ကျောင်းသားများသည် အထက်ပါ စာမေးပွဲအတွက်အခြေခံပညာကျောင်းများတွင် မေလ ၁ ရက်မှစ၍ အနီးကပ် ၂ ပတ်ကျောင်းပြန်တက်ရမည်ဖြစ်သည်။

စာမေးပွဲပြန်ဖြေခိုင်းသည့် စစ်ကောင်စီ၏အစီစဉ်သည် မတရားသည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူလူထုကို သတ်ဖြတ်ရန်နှင့် ယိုင်နဲ့နေသော အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ရန်သာ အာရုံရှိသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ဧပြီ ၁၄ရက်တွင် ထုတ်ပြန်သည်။

ကျောင်းသားများကို တစ်ပူပေါ်နှစ်ပူဆင့်စေသည့် နည်းလမ်းကိုရွေးချယ်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက်ကြရန် ၎င်းတို့က တိုက်တွန်းထားသည်။

မတ်လ ၂၈ ရက်က လှုပ်ခဲ့သည့်ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့ပြီး လူ ၄၀၀၀နီးပါး သေဆုံးခဲ့သည်။ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသလို လက်ရှိပြန်လည်ထူထောင်ရေးကာလတွင်လည်း စစ်ကောင်စီ၏ထိရောက်သောအကူအညီများမရရှိကြောင်း ဘေးသင့်သူများကပြောသည်။

ငလျင်ဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အကူအညီများလိုအပ်‌နေပြီး လူဦးရေ ၄ ဒသမ ၃ သန်းကျော်သည် သန့်ရှင်းသည့်ရေရရှိရေးနှင့်ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထား​ထောက်မှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အချိန်မရွေး တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နိုင်ငံတကာ

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၅)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။