ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးလှစောသည် ကင်ဆာရောဂါဖြင့်မေလ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်။
ကာလရှည်ခံစားနေရသော လည်ချောင်းကင်ဆာရောဂါကို ဆေးကုသမှုခံယူနေစဉ် အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တစ်ခု၌ကွယ်လွန်သွားခြင်းဟု ဦးဦးလှစော၏မိတ်ဆွေတဦးက People’s Spring အား အတည်ပြုသည်။
ဦးဦးလှစောသည် ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂နှစ်ရှိပြီဖြစ်သည်။

Public Service Announcement
ရက္ခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောကွယ်လွန်ခြင်းမှာ ရခိုင်ပြည်သူလူထုအတွက်သာမက တော်လှန်ရေးသမားများအတွက်ပါ ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကြောင်း နွေဦးတော်လှန်ရေးကာလအတွင်း ဦးဦးလှစောနှင့် ဆုံတွေ့ခဲ့သူ ရဲဘော်လင်းနွေက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။
“တော်လှန်ရေးကာလမှာ ဆုံတွေ့ကြပြီး တော်လှန်ရေးကာလမှာပဲ နှုတ်ဆက်ထွက်ခွါသွားတဲ့ ဆရာ။ ရခိုင်ပြည်ကိုပထမဆုံးအကြိမ်ရောက်တော့ တွေ့ပြီးသေချာစကားတွေပြောဖြစ်တယ်။ သဘောတရားရေးရာတွေ၊အတွေ့အကြုံတွေအများကြီး မျှ
ဝေပေးတယ်။ ဆရာကြီး ကျန်းမာနေစဉ်တွေ့ဖြစ်တုန်းက ကျနော့်ကို “ဗကသကျောင်းသားရဲဘော်က လိုအပ်ရင်လက်နက်ပါကိုင်ရဲရတယ်။မင်းလက်နက်ကိုင်တိုက်ပွဲဝင်လို့”ဆိုပြီးသူ့ကဗျာစာအုပ်လက်ဆောင်းပေးခဲ့တယ်။အခုတော့ဆရာကြီးအရာအားလုံးကိုနှုတ်ဆက်ချန်ထားခဲ့ပြီ” ဟုရဲဘော်လင်းနွေက ဦး ဦးလှစော ကွယ်လွန်ခြင်းအပေါ်ရေးသားထားသည်။
အရပ်သားအစိုးရလက်ထက် လွှတ်တော်စောင့်ကြည့်သူတစ်ဦး ကလည်း “ဒီနေ့ ဦးဦးလှစော ဆုံးပြီဆိုတော့ လွှတ်တော်ထဲမှာ သူ့ဆွေးနွေးချက်တွေ ပြန်သတိရမိတယ်။ လက်တွေ့ကျပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးတတ်သလို သူဖြစ်စေချင်တာကိုလည်း ရှင်းရှင်းလင်းလင်း ပြောတတ်တာ သတိရမိပါတယ်။ အခုလို နိုင်ငံရေးသမားတဦး ဆုံးရှုံးရတာ စိတ်မကောင်းဖြစ်မိပါတယ်”ဟုဖေစ်ဘွခ်တွင်ရေးသားထားသည်။
ဦးဦးလှစောသည် ရခိုင်အမျိုးသားပါတီ (ANP)၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ANPပါတီကိုယ်စားပြု၍ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။
၎င်းသည် ကျောင်းသားဘဝကပင် နိုင်ငံရေး၌ ပါဝင်ခဲ့ပြီး ၁၉၇၅ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်အုပ်စုက ထောက်ဒဏ် နှစ်၃၀ နီးပါး ချမှတ်ခံခဲ့ရသူဖြစ်သည်။
စစ်ကောင်စီ၏ဖြန့်ချိရေးမီဒီယာများကဦးဦးလှစော ကို အာရက္ခတပ်တော်(AA)၏ အကြံပေးအဖြစ် မကြာခဏသုံးသပ်ပြောဆိုမှုများရှိနေသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်တစ်နေရာအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်စဉ် ဦးဦးလှစော ဗုံးထိမှန်သေဆုံးခဲ့ကြောင်းသတင်းမှားများကို စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရန် နှင့် မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဦးဦးလှစောသည် စာရေးဆရာနှင့် ကဗျာဆရာတစ်ဦးလည်းဖြစ်ပြီး မောင်ခိုင်အောင် (စစ်တွေ) ဆိုသောကလောင်အမည်ဖြင့်မြောက်ဦးနှင့်မြောက်ဦးဗေဒ ရသစာတမ်းများအပါအဝင်စာအုပ်အချို့ ရေးသားထုတ်ဝေခဲ့သည်။
