မေ ၁၇၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)ဥက္ကဌဟောင်း ဦးဇောင်းဟရားကွယ်လွန်ခြင်းသည် KIO၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ကချင်ပြည်သူလူထုတရပ်လုံး၏ ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု အလေးအနက်ခံယူပြီး ဝမ်းနည်းစွာဖြင့် အလေးပြုဂုဏ်ပြု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
KIO ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရားသည် မေလ ၁၅ရက်တွင် ကွယ်လွန်ခဲ့ရာ KNUအပါအဝင် တော်လှန်ရေးအင်အားစုများကဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။

ဦးဇောင်းဟရား ကွယ်လွန်သွား၍ ကျန်ရစ်သူမိသားစုများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၏ ခေါင်းဆောင်များနှင့်အတူ KNU အနေဖြင့်လည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်ဟု ဖော်ပြသည်။

Public Service Announcement
ဦးလညော်ဇောင်းဟရားသည် ၂ဝဝ၆ မှ ၂ဝ၁၇ ကျန်းမာရေးအရ အနားယူသည်အထိ KIO ဥက္ကဌနေရာတွင် ကချင်လူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရန်အတွက် ဘဝတူတိုင်းရင်းသားများနှင့် အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ကာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်ဟု ဆိုသည်။
ဦးလညော်ဇောင်းဟရားသည် ဘုရားရင်ခွင်တော်၌ ငြိမ်သက်စွာအနားယူနိုင်ပါစေကြောင်းနှင့် ကျန်ရစ်သူမိသားစုဆွေမျိုးသားချင်းအားလုံးအပေါ်၌လည်း ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်း သက်ရောက်တည်ရှိပါစေကြောင်း KNUက ဆုတောင်းမေတ္တာပို့သခဲ့သည်။
KIO ဥက္ကဌဟောင်း ကွယ်လွန်ခြင်းအပေါ် ကရင်၊ တအာင်း၊ ရက္ခိုင် ၊ ပအိုဝ်း ၊ ဝစသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။
