မေ-၁၉၊ ၂၀၂၅။ ကဖေး/People’s Spring
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သိမ်း တစ်နှစ်ပြည့်အဖြစ် ယမန်နေ့(မေလ ၁၈ရက်)တွင် စစ်သုံ့ပန်းမိသားစုဝင် ၃ဝဝကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွှတ်ပေးပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အိမ်ထောင်စု ၂၀၇စုမှ လူဦးရေ ၃၁၄ဦးကို ပြန်လွှတ်ပေးခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘူးသီးတောင်ကို သိမ်းတာ တစ်နှစ်ပြည့်ပြီလေ။ သုံ့ပန်းတွေရော၊ သုံ့ပန်းမိသားစုဝင်တွေကိုပါ တပ်တော်က ဥပဒေအတိုင်း ထိန်းသိမ်းကိုင်တွယ်ခဲ့တာပါ။ သုံ့ပန်းမိသားစုဝင်တွေကို လွတ်ငြိမ်းပေးမှုတွေ ဆက်တိုက်ရှိလာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
ဘူးသီးတောင်မြို့ကို AAက ၂၀၂၄ မေလ ၁၈ရက်၌ သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြို့သိမ်းတိုက်ပွဲသည် AAအတွက် အလွန်ခက်ခဲခဲ့သည်။ ဘူးသီးတောင်မြို့အခြေစိုက် အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခမှူးဗိုလ်မှူးချုပ် သူရိန်ထွန်းက မူဆလင်များအား လက်နက်တပ်ဆင်ပေးကာ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခိုင်းပြီး လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးခဲ့သည်ဟု ဒေသခံသတင်းမြစ်များက ပြောထားသည်။
ထိုအခြေအနေကို AAထိန်းချုပ်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် ဒေသခံများနှင့် နိုင်ငံတကာသို့ အသိပေးသည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာသံတမန်ရေးအပါအဝင် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝသွေဖည်ဆန့်ကျင်သောလုပ်ရပ်၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သော လုပ်ရပ်များကို ကျူးလွန်နေကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များမှ မူဆလင်များ၊ RSO၊ ARSA၊ ARA နှင့် အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင်လူငယ်အရေအတွက် အများ အပြားအား စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အသုံးပြုခြင်းအပြင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွါးစေရန် နည်းလမ်းမျိုးစုံလုပ်ဆောင်နေကြောင်း သတိပေးခဲ့သည်။
ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းတို့ ဆက်တိုက်ကျူးလွန်သလို စစ်ကောင်စီနှင့် ပူးတွဲစစ်ရေးလှုပ်ရှားကာ တိုက်ခိုက်နေကြောင်းအသိပေးခဲ့သည်။ အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသအတွင်း၌ သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော ပြည်သူများအတွက်ပါ များစွာစိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှုအသစ်ဖြစ်လာသလို ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျှက်ရှိသည်ဟု သတိပေးခဲ့သည်။ ဘူးသီးတောင်မြို့ကို မေလ ၁၈ရက်တွင် AAက ထိန်းချုပ်ခဲ့ပြီးနောက် ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို မောင်တောမြို့သိမ်းတိုက်ပွဲတွင် AAက ဖမ်းဆီးခဲ့သည်။
ထို့အပြင် AAသည် မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းမိသားစုဝင် ၂၂၆ဦးကိုလည်း မေ ၁၆ ရက်ကပြန်လွှတ်ပေးခဲ့သည်။ ထို့ကြောင့် သုံးရက်အတွင်း စစ်သုံ့ပန်းမိသားစုဝင် ၅၀၀ ကျော်ကို AAက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
AAသည် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။ မြို့သိမ်းတိုက်ပွဲများတွင် AAက ထောင်နှင့်ချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် စကခ(၉)တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို AAက ဖမ်းမိထားသည်။
