မေ ၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။
ယနေ့(မေလ ၂၄ရက်) နံနက် ၃နာရီခန့်က စလင်းမြို့မရဲစခန်း၏ ဗဟိုကင်းအဆောက်အဦးကို ဖျက်အားပြင်း အာပီဂျီများဖြင့် အနီးကပ်တိုက်ခိုက်မှုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း -(ပကဖ စလင်း)က ထုတ်ပြန်သည်။
ထို့နောက် စလင်းမြို့ စုပေါင်းရုံးအတွင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ ထပ်မံပစ်ခတ်ခဲ့ပြီး တိုက်ပွဲမှာ ၁နာရီခွဲကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
“ရုံပေါင်းစုံနဲ့မြို့မစခန်းမှ စကစ၊ရဲအင်အား ၅၀ ဝန်းကျင်နဲ့ တပ်ဆွဲထားတယ်”ဟု စလင်း ပကဖတာဝန်ခံ ကိုအောင်ဆန်းက တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စွဲရာနေရာများနှင့်ပတ်သက်၍ လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် ယနေ့ နံနက် ၁နာရီခန့်ကလည်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပွိုင့်တစ်ခုမှ လင်းဇင်းရဲစခန်းအား လက်နက်ကြီးဖြင့်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေနေကို စုံစမ်းနေဆဲဟု ဆိုသည်။
စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ၁၂ရက်ကြာ စစ်ကြောင်းထိုးနေပြီး ကျေးရွာများ မီးရှိူ့ဖျက်ဆီးကာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်လည်း အသိပေးသည်။
အပြစ်မဲ့ပြည်သူများ၏ နေအိမ်များဖျက်ဆီးနေခြင်းအတွက် စစ်ကောင်စီ၏ ရဲစခန်းနှင့် အထိုင်ချတပ်စွဲသည့်နေရာများကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စလင်းပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။
စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် အင်အား ၁၅၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေပြီးလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါ ပြုလုပ်နေကြောင်း စလင်းဒေသခံသတင်းရင်းမြစ်အချို့က အသိပေးသည်။
စစ်ကောင်စီ၏ ပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁)လက်အောက်ခံ ခမရ (၂၅၃)၊ (၂၅၄)နှင့် (၂၅၅) တပ်ရင်းအပြင် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းသည် စလင်းမြို့နယ် စနေချောင်ရွာအား မေလ ၂၃ ရက်က ဝင်စီးပြီး ရွာလုံးကျွတ်မီးရှို့ခဲ့ရာ ဒေသခံပြည်သူအချို့သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ၏စစ်ကြောင်းသည် စလင်းမြို့နယ်ရှိ ငါလင်ပန်း၊ပိန္နဲပင်၊ငါသန်းခေါင်း၊ဂွေးကုန်း၊ ပန်းပြင်ရွာနှင့် စနေချောင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။


















































