Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးမှာ အရေးကြီးတဲ့ ညှိနှိုင်းမှု အဆင့်တွေကို ဖြတ်သန်းနေတယ်လို့ မလေးရှား ဝန်ကြီးချုပ်ပြော

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရေးကြီးတဲ့ အဆင့်တွေကို ဖြတ်သန်းနေကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

Reuters

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရေးကြီးတဲ့ အဆင့်တွေကို ဖြတ်သန်းနေကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားဟာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံဖြစ်ပြီး မေလ ၂၆ ရက်နေ့ကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မလေးရှားရဲ့ ကွာလာလမ်ပူမြို့မှာ ထိပ်သီး အစည်းအဝေးအဖြစ် တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲရဲ့ အဓိက အကျဆုံး ခေါင်းစဉ်တွေကတော့ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကိစ္စ၊ အမေရိကန် အစိုးရရဲ့ ကုန်သွယ်ခွန် စည်းကြပ်မှု မူဝါဒတွေကို အာဆီယံက ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

အန်ဝါဟာ ပြီးခဲ့တဲ့ လတုန်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့သလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့လည်း အွန်လိုင်းကနေ ချိတ်ဆက် ဆွေးနွေးခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေကို တွေ့ဆုံတဲ့ အချိန်မှာတော့ အန်ဝါက မလေးရှားရဲ့ အားထုတ်မှုတွေဟာ အရေးပါတဲ့ အဆင့်တွေကို ဖြတ်သန်းနေပေမယ့် တစ်ဖက်မှာလည်း အခြေအနေတိုင်းက ထိလွယ်ရှလွယ် ရှိနေဆဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာ့ အကျပ်အတည်းအတွက် ဖြေရှင်းမှု တစ်ခုခု ရနိုင်ဖို့ အားထုတ်မှုတွေကို ပိုပြီး ခရီးရောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အဲဒီလုပ်ငန်းစဉ် တစ်ခုလုံးမှာ တိုးတိုးတိတ်တိတ် ညှိနှိုင်းမှုတွေက အရေးပါခဲ့တယ်လို့ သူယူဆကြောင်း၊ အဆင့်တိုင်းဟာ သေးငယ်ပြီး ပြိုလွယ်ပျက်လွယ် တံတားတစ်စင်းလို ဖြစ်နေကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ကျယ်ပြန့်တဲ့ ပင်လယ်ကွေ့ကြီး ရှိနေတာထက် ယိုင်တိယိုင်ထိုး တံတားတစ်စင်း ရှိနေတာက ပိုကောင်းကြောင်း အန်ဝါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပြီး အဲဒီ ရွေးကောက်ပွဲဟာ စစ်ကောင်စီ အလိုကျ တစ်ဖက်သတ် စီမံထားတဲ့ အတုအယောင်သာဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ရဲ့ သဘောထားက ဘယ်လိုလဲ ဆိုတာကိုတော့ လက်ရှိ အချိန်ထိ အဖွဲ့ဝင် နိုင်ငံတွေကြား တိတိကျကျ ဆွေးနွေး သဘောတူတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာ့အရေး ဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က နောက်ထပ် ညှိနှိုင်းစရာတွေ အများကြီး ကျန်သေးတဲ့အကြောင်း ပြောခဲ့သလို ဇွန်လထဲမှာ သူက မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆမ်ဂီယမ်ပွန်ဆာကတော့ နိုင်ငံတကာ အသိုက်အဝန်းက စစ်ကောင်စီနဲ့ ပိုမိုကျယ်ပြန့်တဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ ရှိလာစေဖို့ သူက အဆိုပြု တိုက်တွန်းသွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထုတ်ပြောထားဖူးပါတယ်။ တစ်ဖက်မှာတော့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက သတ်မှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်ကောင်စီကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ အာဆီယံက ကန့်သတ် တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။