Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးပြီးနောက်အရာရှိများအပါအဝင် စစ်သားများ AA ထံ လက်နက်ချ

ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။

အာရက္ခတပ်​တော်(AA)မှတပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေစဥ်။ဓါတ်ပုံ-AA Info Desk

ဇွန်-၁၅၊၂၀၂၅။အိမ်သွင်/People’s Spring

ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။

မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ်(၃၂)ရဲတပ်ရင်းကာကင်းစခန်းဖြစ်သောနှမ်းဖဲတောင်စခန်းသိမ်းတိုက်ပွဲ၌ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည်။ တိုက်ပွဲသည် တပ်မ(၁၁) နှင့် တပ်မ (၉၉)ပူးပေါင်းစစ်ကြောင်း နှင့် AA ထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မေ ၃၀ ရက်အထိ တိုက်ပွဲဖြစ်ခဲ့သည်။ ထို​နောက် ​မေ ၃၀ ရက်​နွေညနေပိုင်းမှစကာ စစ်ကြောင်းလိုက်လက်နက်ချကြခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီး လက်နက်ချသူချ ၊ ဖမ်းမိသူဖမ်းမိနဲ့ ဖြစ်တာ။ ဖမ်းမိထားတာတွေမှာဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်ပါတယ်။ လက်နက်ချကြတာများတယ်”ဟုအထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်သည်တိုင်းစစ်ဦးစီးမှူးဖြစ်ပြီး မေ ၃၀ ရက်နေ့ညနေ ၃ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စက်မှု၊လက်မှုသင်တန်းကျောင်းအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ AAထံ လက်နက်ချခြင်းဖြစ်သည်ဟုသတင်းရရှိသည်။ ၎င်း အပြင် အဆိုပါတိုက်ပွဲ၌ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းလက်နက်ချခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်မျိုးအောင်သည် ကျောက်ဖြူသို့ စစ်ကူပို့ခံရသည့်တပ်မ(၁၁)၊ ခြေမြန်တပ်ရင်း ဌာနချုပ်မှ ဖြစ်ပြီး မသေဆုံးမီက ဗိုလ်မှူးကြီးအဆင့်ဖြစ်ကာသေပြီးမှဗိုလ်မှူးချုပ်ရာထူးတိုးပေးခံရခြင်းဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ၎င်း၏ ရုပ်အလောင်းကိုမေလ၂၉ရက်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့၊ အမှတ်(၃၂)ရဲတပ်ရင်းအနီး၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့အပြင် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။

ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဓိကထားရှိသည့် စစ်​ဆေးရေးဂိတ်များလည်းရှိနေသည်။

AAသည်ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍အရှိန်မြင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က လှုပ်ခတ်​သောစစ်ကိုင်းငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်ပြီး AAရှိသည့်နေရာများကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများပြင်းထန်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲများ၌တရုတ်နိုင်ငံသားများအပါအဝင်အထူးစီးပွားရေးဇုန်မှဝန်ထမ်းအချို့ ထွက်ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်မသိရှိရသေးပေ။

ကျောက်ဖြူမြို့အပြင် AAနှင့် စစ်ကောင်စီသည် စစ်တွေမြို့၌လည်း စစ်ရေးတင်းမာနေသည်။နှစ်မြို့စလုံးမှ တိုက်ပွဲသတင်းများကို AAက အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီ၏ထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ရက်က ထုတ်ပြန်ထားသည်။

AAသည် ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်းများ၊ အလင်းဝင်လာသူများကို စိစစ်၍ ပြန်လွှတ်ပေးနေသည်။ ထို့အပြင်လက်နက်ချအလင်းဝင်သူများကို ကြိုဆိုမည်ဖြစ်ပြီး လက်နက်မချပါက ခြေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲတွင် AAက ဖမ်းမိခဲ့သည့် နပခတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကိုလက်ခံရန် နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်း‌ဆောင်ဘဲ လက်နက်ချကြရန် ရုပ်သံမှတဆင့် တိုက်တွန်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

Facebook