ဇွန်-၁၈၊ ၂၀၂၅။ ယောနသံ/People’s Spring
လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ကိုးကန့်တပ်မတော်(MNDAA) ဖမ်းဆီးထိန်းသိမ်းထားသည့် သုံ့ပန်းများအနက် ယခုရက်ပိုင်း၌ ပြန်လွှတ်ပေးလိုက်သော ရမခတိုင်းအဆင့် အရာရှ်ိများ စစ်ခုံရုံးတင် စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။
စစ်ကောင်စီအရာရှ်ိအချို့နှင့် ယာဉ်ထိန်းရဲအချို့ပါဝင်သော သုံ့ပန်း ၅၀ဦးထက်မနည်းကို MNDAA က ဇွန်လ ၁၆ရက်၌ ပြန်လွှတ်ပေးလိုက်ခြင်းဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“ကိုးကန့်က ပြန်လွှတ်ပေးလိုက်တာ အရာရှ်ိအကြီးပိုင်းတွေပါတယ်။ လွတ်လာသူတွေက သတင်းပို့တာမှာ အကုန်လုံး အချုပ်ထဲ ထည့်လိုက်တယ်။ တိုင်းမှူးအမိန့်နဲ့ စစ်ခုံရုံးတင်ဖို့လုပ်နေတယ်” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
MNDAAက ပြန်လွှတ်ပေးလိုက်သည့် သုံ့ပန်းအရေအတွက် အတိအကျနှင့် ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။ MNDAAကရော၊ စစ်ကောင်စီကပါ သတင်းမထုတ်ပြန်သေးပေ။
သို့သော် အဆိုပါ စစ်ပုံ့ပန်းများအား လက်ရှိတွင် လားရှိုးမြို့အမှတ်(၁)စခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိသည်။
” ထောင်ကပြင်တာမပြီးသေးဘူး။ ခိုးဆိုလူနှိုက်တွေနဲ့တစ်ခန်းထဲထားတာ။ အဲကွန်းခန်းထဲမှာ လက်မှတ်လေးထိုးပြီးခိုးတဲ့သူတွေနဲ့ ခေတ်ပျက်လို့လိုက်ခိုးတဲ့သူတွေနဲ့ အချုပ်ထဲမှာအတူတူရှိနေကြတယ်”ဟု လားရှိုးမြို့ခံသတင်းရင်းမြစ်ကပြောသည်။
MNDAAက ပြန်လွှတ်ပေးလိုက်သည့် အရာရှိများကို လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးက လာရောက်စစ်ဆေးမည်ဟု သတင်းရရှိသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA က၂၀၂၄ သြဂုတ်တွင် ၁၀၂၇စစ်ဆင်ရေးဖြင့် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင် ၄,၇၀၀ ကျော်ကိုဖမ်းဆီးခဲ့သည်။
MNDAA သည် လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက်အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့်ဧပြီတွင် စစ်ကောင်စီထံ ပြန်ပေးလိုက်သည်။
လားရှိုးမြို့ကို သိမ်းယူပြီးနောက်ပိုင်းရော စစ်ကောင်စီထံ ပြန်လွှဲအပြီးတွင်ပါ စစ်သုံ့ပန်းများကို MNDAAက ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။ ပြန်လွှတ်ပေးသည့်သတင်းများကို MNDAAကရော စစ်ကောင်စီကပါ အသေးစိတ်ထုတ်ပြန်ခြင်းမရှိ၍ ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။
တရုတ်အစိုးရ၏အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်စဉ်က စစ်ကောင်စီနှင့် MNDAAကြား၌ စစ်သုံ့ပန်းများ ပြန်လွှတ်ပေးရန် သဘောတူညီချက်ပါဝင်သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။
MNDAA၏ မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီထိပ်တန်းအရာရှိများ အစုလိုက် အပြုံလိုက်လက်နက်ချအညံ့ခံသည့်ဖြစ်စဉ်မှာ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ၌ ဖြစ်ခဲ့သည်။
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ(၅၅ )တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း၊ အမှတ်(၁၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်မှူးချုပ်အောင်ဇော်လင်း၊ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးဗိုလ်မှူးချုပ်သော်ဇင်ဦး၊အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၄) စကခမှူးဗိုလ်မှူးချုပ်အေးမင်းဦးတို့ အတူတူလက်နက်ချညံ့ခံခဲ့ကြသည်။
၂၀၂၄ ဇန်နဝါရီ ၅ရက်ကတိုက်ပွဲတွင် ပြေးပေါက်ပိတ်နေစဉ် MNDAAနှင့် ညှိနှိုင်း၍ လက်နက်ချခဲ့ခြင်းဖြစ်ပြီ ၆ဦးစလုံးကို စစ်ကောင်စီက လာရှိုးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်လာကာ ပုန်ကန်မှု၊ အမိန့်မနာခံမှုတို့ဖြင့် ဖမ်းဆီးပြီး စစ်တရားရုံးဖြင့် စစ်ဆေးခဲ့သည်။ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် သုံးဦးကို သေဒဏ်ချလိုက်ပြီး ကျန်သုံးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ စစ်ကောင်စီကမူ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
