ဇွန်-၂၈၊ ၂၀၂၅။ People’s Spring
မြန်မာပြည်သူတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်မယ့် နည်းလမ်း ၄ ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြ ဆွေးနွေးခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို တင်သွင်းရင်း တာ့ခ်က အဲဒီ အကြံပြုချက်တွေကို ထည့်သွင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
သူက အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ ပိုမို ကျပ်တည်း ဆိုးရွားလာနေတာကို အတည်ပြုခဲ့ပြီး တစ်ဖက်မှာလည်း မြန်မာပြည်သူတွေဟာ အပြောင်းအလဲအတွက် မျှော်လင့်ချက်တွေကို ကြံ့ကြံ့ခံ ဆုပ်ကိုင်ထားဆဲလို့ ဆိုပါတယ်။

Public Service Announcement
လူ ၄,၀၀၀ လောက် သေဆုံးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး အပြီးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီး ခက်ခဲလာကြောင်း၊ ဒါပေမဲ့ ပြည်သူတွေကတော့ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့ အနာဂတ်ကို ဆက်လက် မျှော်လင့်နေဆဲလို့ တာ့ခ်က ကောင်စီ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ ပေးဖို့ဆိုရင် ကောင်စီနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အဓိက လုပ်ဆောင်နိုင်တဲ့ အပိုင်း ၄ ခု ရှိတယ်လို့ သူက အကြံပြု ထောက်ပြခဲ့ပါတယ်။ ပထမဆုံး လုပ်ဆောင်ရမှာက တရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှုတွေကို ရှာဖွေပေးဖို့ဖြစ်ပြီး အဲဒီ ခေါင်းစဉ်အောက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေးဖို့၊ သတ်ဖြတ်မှုနဲ့ တခြား ဆိုးယုတ်မှုတွေ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးတော့ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဆီ တင်ပြနိုင်ရေးလည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဒုတိယ လိုအပ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး လေးစားကြမယ့် ဒီမိုကရေစီ အရပ်သား အစိုးရ ပေါ်ထွန်းလာအောင် ကူညီဖို့ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်ခွဲခြား ဆက်ဆံတဲ့ ဥပဒေတွေကိုဖယ်ရှားရမှာဖြစ်ပြီး အရပ်သားတွေရဲ့ အခွင့်အရေးတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို ကာကွယ်ရမယ်လို့ ဆိုပါတယ်။
တတိယ တောင်းဆိုမှုအနေနဲ့ မျှတပြီး အစုအဖွဲ့ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးမျိုး ပြန်တည်ဆောက်ဖို့ ဖြစ်တယ်လို့ တာ့ခ်က ပြောပါတယ်။ စစ်တပ်နဲ့ စစ်တပ် အလိုတော်ရိ အစုအဖွဲ့တွေ အတွက်ပဲ ကောင်းကျိုး ဖြစ်ထွန်းနေတာမျိုးကို ခွင့်မပြုဘဲ ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ဆောင်မှု ကဏ္ဍတွေအတွက် ရင်းနှီးမြှုပ်နှံဖို့လည်း လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်သူတွေရဲ့ လူမှုဘဝ မြှင့်တင်ရေးကို အားဖြည့် ထောက်ပံ့ပေးဖို့လည်း တာ့ခ်က တိုက်တွန်းခဲ့ပါတယ်။
နောက်ဆုံးအချက် အနေနဲ့ကတော့ မြန်မာ ပြည်သူတွေကို လျစ်လျူမရှုဘဲ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း အကူအညီ ပေးကြဖို့ ဆိုတာပါပဲ။ အဲဒီထဲမှာ မြန်မာ စစ်တပ်အပေါ် လက်နက် ဝယ်ယူခွင့် ပိတ်ပင်တာ၊ စီးပွားရေးအရ အရေးယူ ပိတ်ဆို့တာ၊ လေယာဉ်ဆီတွေ တင်သွင်းလို့ မရနိုင်အောင် တားမြစ်တာ၊ ပဋိပက္ခတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ ဒုက္ခသည်တွေကို အကူအညီ ပေးတာစတဲ့ ကဏ္ဍပေါင်းစုံ အကျုံးဝင်ပါတယ်။ ပြီးတော့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးပို့နိုင်ရေးအတွက် ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့၊ စိတ်ကူးဉာဏ် ထက်သန်တဲ့ နည်းလမ်းတွေကို ရှာဖွေ အသုံးပြုကြဖို့လည်း ပါဝင်ခဲ့ပါတယ်။
နောက်ပြီး တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ စစ်တပ်ကို တွန်းလှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ မြှင့်တင်ဖို့လည်း တာ့ခ်က ထည့်သွင်း အကြံပြုခဲ့ပါတယ်။
သူ့ရဲ့ မိန့်ခွန်း အဆုံးသတ်မှာတော့ တာ့ခ်က မြန်မာစစ်တပ် အနေနဲ့ အကြမ်းဖက် ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေပေးမှုတွေကို ခွင့်ပြုဖို့၊ မတရား ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုသွားပါတယ်။
အရမ်းကျပ်တည်းဆိုးရွားနေတဲ့ ကာလမှာတောင် မြန်မာ ပြည်သူတွေဟာ လူ့အခွင့်အရေးအပေါ် အခြေခံတဲ့ အနာဂတ်မျိုးအတွက် အစီအစဉ်တွေ ချမှတ် လုပ်ဆောင်နေကြောင်း၊ အဲဒီ မျှော်လင့်ချက်တွေ လက်တွေ့ ဖြစ်လာအောင် မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာ အသိုက်အဝန်းမှာ တာဝန်ရှိကြောင်း တာ့ခ်က ပြောကြားသွားပါတယ်။
ကိုးကား: OHCHR


















































