ဇူလိုင်-၁၁၊၂၀၂၅/People’s Spring
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်နေမှုတွေကိုအရှေ့တောင်အာရှ ၊ တရုတ်၊ရုရှား နဲ့ အမေရိကန် သံအရာရှိတွေပူးပေါင်းပြီးရှုတ်ချသွားမယ်လို့သိရပါတယ်။
အဲဒီနိုင်ငံအသီးသီးရဲ့ သံအရာရှိတွေရဲ့ ဆွေးနွေးပွဲ တစ်ခုအပြီး ထုတ်ပြန်မယ့် ကြေညာချက် မူကြမ်းကို AFP သတင်းဌာနက တွေ့မြင်ခွင့်ရခဲ့ရာမှာ အရပ်သားတွေ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကိစ္စကို ရှုတ်ချဖို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံအားလုံးက သဘောတူညီထားတာကိုအတည်ပြုနိုင်ခဲ့တယ်လို့ ဇူလိုင် ၁၀ ရက်ကသတင်းဖော်ပြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး အာဆီယံဟာ မြန်မာ့ ပြည်တွင်းပဋိပက္ခကို ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာ အားထုတ်မှုတွေကို ဦးဆောင်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအာဆီယံရဲ့ဘုံသဘောတူညီမှု ၅ ချက်လို အစီအမံတွေကထိရောက်မှု အားနည်းပြီး မြန်မာ့အကျပ်အတည်းကို ထဲထဲဝင်ဝင် ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမို အရှိန်အဟုန်ပြင်းပြင်း တောက်လောင်လာနေချိန်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအရာရှိတွေဟာ အမေရိကန်၊ တရုတ်၊ ရုရှားတို့ အပါအဝင် နိုင်ငံတချို့ရဲ့ သံအရာရှိတွေကို ဇူလိုင် ၁၁ ရက်နေ့မှာမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံပါ။
ကြိုတင်ညှိနှိုင်း လက်ခံထားတဲ့ ကြေညာချက် မူကြမ်းမှာတော့ မြန်မာနိုင်ငံမှာ အရပ်သားတွေ၊ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကိုဆက်လက်ရန်လိုတိုက်ခိုက်နေတာကိုအစည်းအဝေးက ရှုတ်ချတယ်ဆိုတဲ့ အချက်မျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။
AFPက တွေ့ခွင့်ရခဲ့တဲ့ ကြေညာချက်အရ အစည်းအဝေး တက်ရောက်တဲ့ နိုင်ငံအသီးသီး အနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အရှိန်မြင့်လာတာ၊ လူသားချင်း စာနာမှု အကူအညီပေးရေး အခွင့်အလမ်းတွေ ပိုမို ကျပ်တည်းလာတာတွေကို အလေးအနက် စိုးရိမ်ကြောင်း ထုတ်ပြန်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ကြေညာချက် မူကြမ်းထဲမှာတော့စစ်ဘက်၊အရပ်ဖက် မခွဲခြားဘဲတိုက်ခိုက်မှုတွေကိုအစုအဖွဲ့ အားလုံးက ရပ်ဖို့၊ ပဋိပက္ခတွေနဲ့ ပတ်သက်ရင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် လုပ်ဆောင်ကြဖို့၊ပြည်သူတွေနဲ့ ပြည်သူပိုင်အခြေခံ အဆောက်အအုံတွေရဲ့ လုံခြုံဘေးကင်းရေးကို အလေးထားပေးဖို့ တောင်းဆိုချက်တွေလည်း ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကအကြမ်ဖက်သတ်ဖြတ်လို့ပြည်သူ ၆၆၀၀ ကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။
မတ်လကုန်ပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အာရုံစိုက်ဖို့အတွက် အပစ်အခတ် ရပ်စဲမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ ငလျင်ဘေးသင့် ဧရိယာတွေကိုတောင် မချန်ဘဲ အရပ်သား ပစ်မှတ်တွေ၊ ကျေးရွာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။
စစ်ကောင်စီက ဇူလိုင် ၁၁ ရက်မနက်အစောပိုင်းမှာပဲ စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကဘုန်းကြီးကျောင်းကိုဗုံး ၂ ကြိမ်ကြဲလို့ ကလေးငယ်တွေအပါအဝင်စစ်ဘေးရှောင် ပြည်သူ ကနဦးစာရင်းတွေအရ အနည်းဆုံး ၂၂ ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရခဲ့ပါတယ် ။
ကိုးကား-AFP


















































