ဇူလိုင်-၇၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာလ်ငိုးရမ်း တို့ကြား တိုက်ပွဲဖြစ်ပွားမှု ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိသေးမီ နှစ်ဘက်အကြား တိုက်ပွဲများပိုမိုကျယ်ပြန့်လာနေပြီးစစ်ရေးပိုမိုတင်းမာလာသည်။
ဖလမ်းမြို့နယ်တွင် ဇူလိုင် ၂ရက်ကစပြီး CDF ဟွာလ်ငိုးရမ်း နှင့် CNDF အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ထိုနေ့မှာပင် CDF ဟွာလ်ငိုးရမ်း စခန်းအချို့ကို CNDFက သိမ်းပိုက်ခဲ့သည်။ထိုနောက် ဇူလိုင် ၅ရက်တွင် CDF ဟွာလ်ငိုးရမ်း ထိန်းချုပ်ထားသည့် အိန္ဒိယ -မြန်မာ နယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မြို့ကို CNDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF ပူးပေါင်းတပ်က ၂၀၂၃ နိုဝင်ဘာတွင် စစ်ကောင်စီတပ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရိဒ်ခေါ်ဒါရ်မြို့သိမ်းပိုက်ခံရပြီးနောက် ဇူလိုင် ၆ ရက်တွင်ဖလမ်းမြို့နယ် မြန်မာ-အိန္ဒိယနယ်စပ် လဲလက်ရွာရှိ CNDF ဌာနချုပ်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNF/CNA)က သိမ်းပိုက်ခဲ့သည်ဟု ချင်းပြည်ကောင်စီနှင့် CNDFတို့ကပြောသည်။

Public Service Announcement
●CNDF ၏ ပြောကြားမှု
CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဌာနချုပ်ကို CNA က ဇူလိုင် ၆ရက်ညတွင်အလစ်အငိုက် သိမ်းပိုက်ခဲ့ဟုဇူလိုင် ၇ ရက် နေ့လည်တွင်People’s Spring သို့အတည်ပြုသည်။ CNA ဘက်က ကားများဖြင့်လာရောက်စဉ် CNO/CNDF စစ်ဦးစီးချုပ်ကို စေလွှတ်ပြီး ကနဦးညှိနှိုင်းဆွေးနွေးခဲ့ဟု ပြောသည်။
“ဆွေးနွေးမှုလုပ်တော့ အဆင်ပြေတယ်။အဆင်ပြေပြီးမှ ကျနော်တို့ သူတို့အတွက် ထမင်းစားဖို့အတွက် ဝက်တောင်မှ ပေါ်ပေးပြီးတော့ ထမင်းတွေဘာတွေ စားပြီးမှ သူတို့နဲ့အဆင်ပြေတယ်။ အဆင်ပြေပြီဆိုပြီးမှပြောတဲ့အချိန် သူတို့ ကားနဲ့ ပြန်သွားပြီးမှ ကားပေါ်ကနေ ဆင်းပြီးအလစ်အငိုက် ကျနော်တို့ Camp ကို သိမ်းသွားတဲ့ ပုံစံဖြစ်ပါတယ်။အခုဆိုရင်လည်း ကျနော်တို့ Camp တခုတည်းမဟုတ်ဘဲ ကျနော်တို့ဖလမ်းမြို့ကိုလည်းချီတက်တယ်။ သိမ်းဖို့ရာအတွက်လုပ်နေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ကျနော်တို့ မဟာမိတ်တွေနဲ့ ချင်းညီနောင်နဲ့ သိမ်းထားတဲ့ ဖလမ်းမြို့ကို စကစ မရှိတဲ့ ဖလမ်းမြို့ကို သိမ်းဖို့ရန်အတွက် သူတို့ ကြိုးစားနေတယ်ဆိုတာကျနော်တို့ သိရပါတယ်” ဟုဆလိုင်းတင်မီက ပြောသည်။
ရိဒ်မြို့ကိုမူ CNDFက သိမ်းပိုက်ထိန်းချုပ်ထားကြောင်းလည်း ဆလိုင်းတင်မီက အတည်ပြုသည်။
“ရိဒ်ဆိုတာက ကျနော်တို့ဖလမ်းမြို့နယ်ထဲမှာပါတဲ့မြို့တမြို့ဖြစ်ပါတယ်။အရင်ကတည်းက CNDF က ရိဒ်ဟာလည်းကျနော်တို့အခြေချထားပါတယ်။ အခု ပဋိပက္ခ ဖြစ်တဲ့ဟာက ရိဒ်ခေါ်ဒါရ် စကစ စစ်ကောင်စီလက်ကနေလွတ်မြောက်ပြီးတော့ CNA နဲ့ ဟွာလ်ငိုး ဘက်က သိမ်းပိုက်လာတဲ့အချိန်မှာ ကျနော်တို့ အရင်ကတည်းက အခြေချထားတဲ့နေရာဖြစ်သော်ငြားလည်း ကျနော်တို့ အခြေချလို့မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သွားလာတဲ့အခါမှာ အခြေချလို့မရတာတင်မဟုတ်ဘဲပညာရေး၊ ကျန်းမာရေး ကျနော်တို့ထောက်ခံတဲ့သူတွေ အကုန်လုံးကိုဖမ်းဆီးတယ်ဖြစ်လာတဲ့အခါမှာ အခုလိုမျိုး ပြဿနာဖြစ်လာတာဖြစ်တယ်” ဟု ဆလိုင်းတင်မီကပြောသည်။
●CNF/CNA ပြောကြားမှု
CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “သိမ်းတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ ရဲဘော်တွေ ရိဒ်ဘက်အသွား CNDF ဌာနချုပ်နားက သူတို့ ဂိတ်အဖြတ်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီးထွက်ပြေးသွားကြတာပါ။ကျဆုံးထိခိုက်မှု မရှိပါဘူး” ဟု ဇူလိုင် ၇ ရက်မနက်တွင်ပြောသည်။
နှစ်ဖက်အကြား ပဋိပက္ခနှင့်ပတ်သက်ပြီး ပြေလည်နိုင်ရေးအတွက်အိန္ဒိယနိုင်ငံ၊မီဇိုရမ် ပြည်နယ် အစိုးရဘက်က နှစ်ဖက်တွေ့ဆုံရေး ညှိနှိုင်းပေးနေမှုရှိကြောင်းလည်း ဆလိုင်းထက်နီက ပြောသည်။
“ပဋိပက္ခ ပိုမကြီးဖို့အရင်နဂိုရ်နေမြဲအတိုင်း နေဖို့လိုပါတယ်။CNDF ဘက်ကနေရိဒ်ကနေဆုတ်ရင် ပြဿနာက လျော့သွားမယ်ထင်တယ်” ဟုလည်း ဆလိုင်းထက်နီကပြောသည်။
သို့သော် ချင်းပြည်ကောင်စီမှ ချင်းသတင်းရင်းမြစ်တဦးကနူ “မနေ့မှာ သိမ်းတာ အတည်ပြုပါတယ်။ (CNDF ဌာနချုပ်နေရာက)ရိဒ်မရောက်ခင် အိန္ဒိယနယ်စပ်မှာ။ လဲလက်ကျေးရွာနားမှာရှိတယ်” ဟု CNA က CNDF ဌာနချုပ်ကိုသိမ်းပိုက်ခဲ့ကြောင်းအတည်ပြုသည်။ ချင်းပြည်ကောင်စီသတင်းရင်းမြစ်က CNA ဦးဆောင်သည့် ချင်းပြည်ကောင်စီက စစ်ကောင်စီထံမှ သိမ်းထားသည့် မြို့နှင့်နယ်မြေများကို CNDFကသိမ်းယူသွား၍ တိုက်ပွဲပိုကျယ်ပြန့်လာဟု ပြောသည်။
●CB နှင့် CC တို့ကတွေ့ဆုံညှိနှိုင်းဖြေရှင်းရန်လိုအပ်ကြောင်း အစောပိုင်းတွင် သဘောထားဖော်ပြထား
“လက်ရှိမှာ ဖလမ်းကိုလည်း ဝိုင်းရံ စစ်ကြောင်းထိုးနေတယ်။ CNDF ဘက်က ပြန်လည်ခုခံတိုက်ခိုက်နေပါတယ်”ဟုချင်းညီနောင်သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ဖြစ်ပေါ်ခဲ့သည့် စစ်ရေး အခြေအနေများအရ နှစ်ဖက်ညှိနှိုင်းနိုင်ရေး ပိုမိုခက်ခဲသွားဟုလည်းချင်းညီနောင် သတင်းရင်းမြစ်က ပြောသည်။
“ကျနော်တို့ပြောမြဲဖြစ်တဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ ဖြစ်မှာပါ။ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ပါ” ဟုချင်းညီနောင် သတင်းရင်းမြစ်က ပြောသည်။
ချင်းညီနောင်နှင့်ချင်းပြည်ကောင်စီတို့က CNDF နှင့် CDF ဟွာလ်ငိုးရမ်းတို့အကြားတိုက်ပွဲစတင်ဖြစ်ပွားစဥ်ကတည်းက အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။
ချင်းညီနောင်၏ ကြေညာချက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် မဟုတ်ဘဲ စစ်ရေး အကူအညီဖြင့် ပါဝင်လာပါက ချင်းညီနောင်အနေဖြင့် အဖွဲ့ဝင်ဖြစ်သည့် CNDF ဘက်မှ ရပ်တည်မည်ဟုဖော်ပြထားသည်။
ချင်းပြည်ကောင်စီ၏ ကြေညာချက်တွင်လည်း နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ အနေဖြင့် ပြန်လည်ချေဖျက်မရသည့်ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခ များကို မဖန်တီးဘဲ မိမိတို့၏ နယ်မြေများကို အပြန်အလှန် အသိအမှတ်ပြုကာ စစ်ရေးပြင်ဆင်မှုများ ချက်ချင်းရပ်တန့်ပြီး မိမိနယ်မြေအသီးသီးရှိ တပ်စခန်းများတွင်သာ ပြန်လည်နေရာယူကြရန် တိုက်တွန်းထားသည်။
●တော်လှန်ရေးထိခိုက်မည်ကိုစိုးရိမ်
ပြည်သူလူထုထောက်ပံ့သည့်လက်နက်ဖြင့် တော်လှန်ရေးတပ်ဖွဲအချင်းချင်းအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက တော်လှန်ရေး အောင်မြင်ရန် ကြန့်ကြာနိုင်ပြီး တော်လှန်ရေးအပေါ် ပြည်သူများ အားထုတ်မှု လျောနည်းသွားနိုင်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး-ကဘော်-ဂန့်ဂေါ)ဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုအားမှုန်က ပြောသည်။
လတ်တလော ချင်းတိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်သော CDF ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ သဘောထားမှတ်ချက်မေးမြန်းရာ ကိုအားမှုန်ကပြောကြားခဲ့ခြင်းဖြစ်သည်။
“ချင်းလက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ကိစ္စမှာကျနော်တိုလွန်စွာလည်း စိတ်တော့မကောင်းဘူး။ ကျနော်တို တခြားလက်နက်ကိုင်အဖွဲအစည်း ပေါ့လေ ကျနော်တိုချင်းလက်နက်ကိုင်အဖွဲမှ မဟုတ်ဘူး တခြားအဖွဲအစည်းတွေအပေါ်မှာရော ပြည်သူရဲ့ ပါဝင်မှုနှုန်းလည်း တော်တော်လေး အားလျော့နိုင်တဲ့အနေအထားရှိတယ်။ အဲဒီလိုတော့ ကျနော်က သုံးသပ်တယ်။ပြောရမယ်ဆိုရင်စိတ်မကောင်းဘူး။ မဖြစ်လည်းမဖြစ်သင့်ဘူး။စားပွဲပေါ်မှာအကောင်းဆုံး တွေ့ဆုံမှုတွေလုပ်ပြီး အကောင်းဆုံး ညှိနှိုင်းရေးပုံစံနဲ့ အဖြေရှာမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်” ကို CDF-KKG ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
CNO/CNDF ဖြစ်စေ၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဖြစ်စေ၊ CDFများဖြစ်စေ ပြည်သူ့၏ ထောက်ပံ့မှုဖြင့် တော်လှန်ရေးလုပ်ဆောင်နေကြခြင်းဖြစ်ဟု ၎င်းက ပြောသည်။
“ပြည်သူထောက်ပံ့ပေးတဲ့ လက်နက်တွေနဲ့ ကိုယ့်အချင်းချင်း ပဋိပက္ခတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တိုက ကျနော်တို မျှော်မှန်းထားတဲ့ တော်လှန်ရေးအောင်မြင်ဖိုက တော်တော်လေး ကြန့်ကြာမယ်။ ပြီးတော့ ပြည်သူလည်း အမြင်စောင်းလာမယ်။ ပြီးတော့ ကြားထဲမှာ အဆိုးဆုံးက ကိုယ့်ရဲဘော်တွေက တော်လှန်ရေးစိတ်ဓာတ်မမွေးတော့ဘဲလက်နက်စွန့်ပြီးတော့ စွန့်ခွာသွားမှာလည်း တော်တော်လေး စောင့်ကြည့်ရမယ့်အနေအထားပေါ့လေ။ လုံး၀ မဖြစ်သင့်တဲ့အနေအထားပေါ့” ဟု CDF-KKG ဗဟို သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုအားမှုန်က ပြောသည်။
အချင်းချင်း ပဋိပက္ခဖြစ်ပွားမှုအပေါ် ချင်းပြည်သူများ လွန်စွာ စိတ်မကောင်း ဖြစ်နေကြရဟု ၎င်းကဆက်ပြောသည်။တဖွဲနှင့်တဖွဲအကြား ပြဿနာများရှိနိုင်သော်လည်း ဖြေရှင်းလိုပါက ဆွေးနွေးဖြေရှင်း၍ ရကြောင်း၊ အကယ်၍ အချင်းချင်း ပဋိပက္ခ ကြောင့် ပြည်သူများ တော်လှန်ရေးအပေါ် ပါဝင်မှု အားထုတ်မှု နည်းသွားမည်ကို စိုးရိမ်ကြောင်း ကိုအားမှုန်က ပြောကြားသည်။
●ချင်းတော်လှန်ရေးတပ်ကြားဖြစ်တဲ့ ပဋိပက္ခကို NUGကကြားဝင်ညှိနှိုင်းရန်အဆင်သင့်ရှိ
ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ကိစ္စများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားဝင်ညှိနှိုင်းရန် အဆင်သင့်ရှိဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။ ထိုအပြင်သက်ဆိုင်ရာအစုအဖွဲ့ခေါင်းဆောင်များကိုဆက်သွယ်ပြီးလည်း အချင်းချင်းအကြား ကွဲပြားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးမူအတိုင်း ရပ်တည်ဆောင်ရွက်ရန် တိုက်တွန်းသွားမည်ဟု ၎င်းကဆက်ပြောသည်။
“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာနယ်မြေကိစ္စကြောင့်ပဲဖြစ်ဖြစ် အခြားသော အကြောင်းအရာတခုခုကြောင့်ပဲဖြစ်ဖြစ် အမြင်မတူတာတွေ သဘောထားမတိုက်ဆိုင်တာတွေရှိကြပါတယ်။ဒါပေမဲ့အဲဒီကိစ္စ တွေနဲ့ပတ်သက်ပြီးတော့ကျနော်တို့တွေက အခုအချိန်မှာ ဖြေရှင်းလို့ရတဲ့ဟာတွေဆိုရင်လည်း လက်နက်စွဲကိုင်တဲ့နည်းကို မသုံးဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြမယ်။ တချို့ဒီကာလမှာ ဆုံးဖြတ်ဖို့ ခက်တဲ့ကိစ္စတွေဆိုရင်လည်းပဲ အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါကျမှသာလျင် ငြိမ်းချမ်းတဲ့နည်းနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ကြမယ်ဆိုတဲ့ မူပေါ့ ဒီမူကိုတော့ ကျနော်တို့ တော်လှန်ရေးအင်အားစု အားလုံးလိုလိုက ဒီမူကို ကိုင်စွဲပြီး တော့ သွားနေကြတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီမူအတိုင်းပဲ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အားလုံးရပ်တည်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။


















































