Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းတပ်စွဲပြီး ဓမ္မဆရာများကိုဖမ်းထားဟု သတင်းရင်းမြစ်ပြော

ခွန်စိုင်ယန်တိုက်ပွဲအဖမ်းခံရသည့် KIAအရာရှိကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဆေးကုသပေးဟန် ဝါဒဖြန့်ပြီး သတ်ဖြတ်

စစ်အုပ်စု သတ်ဖြတ်ခဲ့သည့် KIAအရာရှိအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်ရောက်ကာ ဘာသာရေးဆရာများအပါအဝင် လူဦးရေ ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၃ရက် ည ၇နာရီခန့်မှစ၍ ဖားကန့်မြို့နယ် မှော်ဝမ်းဒေသရှိ ဘုရားကျောင်းသို့ ဝင်ရောက် တပ်စွဲထားပြီး ယနေ့ (ဇူလိုင် ၁၄ရက်) နံနက်အထိ စစ်ကောင်စီတပ်များ ဘုရားကျောင်း၌ဆက်ရှိနေသည်ဟု ဆိုသည်။

“မှော်ဝမ်း ဘုရားကျောင်း အဖမ်းခံရတဲ့ မှတ်တမ်းပြုစုခံရတဲ့ ဓမ္မအမှုဆောင်စာရင်း”ဟုကချင်သတင်းရင်းမြစ်က ဖမ်းဆီးခံထားရသူများအနက် ၁၅ဦး၏ အမည်စာရင်းပါ စာရွက်ကို ပြသ ပြောပြသည်။

Public Service Announcement

Public Service Announcement

“သူတို့နဲ့ ဆိုင်မှ မဆိုင်တာ။ စကစ ကာဗာယူတာ သက်သက်။ ဘုရာကျောင်းထဲက မထွက်လာကြသေးဘူး စကစတွေ။ ဖမ်းခံထားရတာက ၂၀ ဝန်းကျင်ရှိတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ အခြေအနေမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဖားကန့်၌ တိုက်ပွဲဆက်ရှိနိုင်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် သည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် စစ်ရေးလှုပ်ရှားနေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

အခြားသတင်းတရပ်မှာ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ဒေသ၌ အင်အား ၈ဦးရှိသည့် KIA ရှေ့တန်းစခန်း တစ်ခုကို စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် (ဝါရာဇွပ် ပြည်သူ့စစ်)အဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ KIAအရာရှိတစ်ဦး ဖမ်းဆီးခံခဲ့ရဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် KIAအရာရှိ ဗိုလ်ကြီး ဖန်းတန်အား ဆေးကုသပေးနေသည့် ရုပ်သံရိုက်ကူးပြီးနောက် ယင်းနေရာ၌ပင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ကြီးဖန်းတန်ကို ဆေးကုသပေးနေသည့် ရုပ်သံကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က တယ်လီဂရမ်မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ ဝါဒဖြန့် ရုပ်သံရိုက်ကူးပြီးနောက် သတ်ဖြတ်ခံရသည့် ဗိုလ်ကြီးဖန်းတန်၏ ရုပ်အလောင်း မှတ်တမ်း ဓာတ်ပုံကိုလည်း ကချင်သတင်းရင်းမြစ်တို့က ဝါဒဖြန့် ရုပ်သံနှင့်အတူတွဲ၍ ဖော်ပြကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ လုပ်ရပ်ကို အသိပေးထားသည်။

“အဲဒါအမှန်ပါ။ မနေ့က(ဇူလိုင် ၁၂ရက်က)”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခွန်စိုင်ယန်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်အား KIAပူးပေါင်းတပ်က ဇူလိုင် ၁၀ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် မင်းဇေသန့် ပြည်သူ့စစ် အဖွဲ့က အင်အားအလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ဒေသ၌ စစ်ရေးတင်းမာနေဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။