ဇူလိုင်-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက သာမန်ပြည်သူ လူငယ်များကို နည်းမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းပို့ လူသားဒိုင်းအဖြစ်ဆောင်နေ၍ လူငယ်ဘ၀ ပညာရေး၊ စီးပွားရေး အရာရာ နောက်ကျကာ အသက်သေဆုံးနေရသူများစွာရှိနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံ အလင်းဝင်လာသူ ပြည်သူစစ်မှုထမ်းတပ်သား သစ် ကိုညီလွင်က ဖွင့်ဟပြောဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖြင့် စစ်သားစုဆောင်းနေသည့် လုပ်ရပ်သည် လူသားဒိုင်းလုပ်ဆောင်နေသည်ဟု မြင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် အလင်းဝင်လာသူ ကိုညီလွင်က ပြောသည်။
“ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာကျနော်တို့လို စစ်ပွဲအကြောင်းနားမလည်တဲ့သူတွေကို ရှေ့တန်းပို့တာတို့ သေတဲ့သူတွေလည်း သေကုန်ကြပြီ။ ကျနော်တို့နဲ့ တပတ်စဉ်တည်း လူတွေဆို။ သင်တန်းမှာ ခင်ခဲ့တဲ့ သူငယ်ချင်းတွေဆို အဆက်အသွယ် တွေမရတာ အများကြီးပဲ။ သူတို့ဆို သာမန်ပြည်သူဘ၀ကနေ ပြီးတော့ အိမ်ပြင်ခဏလေးထွက်လိုက်တာ ပါလာတာတို့၊ ခရီးသွားနေရင်း ပါလာတာတို့ ခရီးသွားနေရင်း နဲ့ပါလာတာတို့ အိမ်ထဲထိဝင်ဖမ်းတာတို့ တချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့။”ဟု ကိုညီလွင်က ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်တွင်းရှိ စစ်မှုထမ်းတပ်သားသစ်များသာမက တပ်သားအများစုက စိတ်မပါကြကြောင်း၊ စစ်ကောင်စီ အရာရှိများက အောက်လက် ငယ်သားကို မကြည့်ကြောင်း၊ ပြေးရင်သတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေကြောင်း ရှင်းပြသည်။
ကိုညီလွင်သည် စစ်ကိုင်းမြို့သို့ခရီးသွားစဉ် စစ်ကောင်စီက မှတ်ပုံတင်စစ်မည်ဟု ပြောဆိုကာ စစ်သားစုဆောင်းခံရသူဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် KNLA တပ်မဟာ(၃) နယ်မြေသို့ ရောက်ရှိစဉ်စစ်ကောင်စီထံမှ ထွက်ပြေးလာခြင်းဖြစ်သည်။
” အဖမ်းခံရတာ ခရီးသွားနေရင်း ပေါ်တာဆွဲတာပေါ့။ ကျနော် စစ်ကိုင်းမှာ ခရီးသွားနေရင်း မှတ်ပုံတင်စစ်ချင်လို့ဆိုပြီး ကားပေါ်ကနေ ခဏဆင်းပါအုံး ဘာညာဆိုပြီး တော့ ပြီးတော့ ကားသမားကို တန်းမောင်းထွက်သွားခိုင်းလိုက်တာ။ အဲဒီကနေ စပြီး တပ်မ(၃၃)ထဲ ခြေခြင်းတွေခတ်ပြီး ချုပ်ထားတာ” ဟု ကိုညီလွင်က ပြောသည်။
ရှမ်းပြည်နယ် ဗထူး -ရပ်စောက်၌ စစ်သင်တန်းတက်ခဲ့ရသည့် အပတ် စဉ်(၈) သင်တန်းဆင်းဖြစ်ပြီး သင်တန်းပြီးကတည်းက ထွက်ပြေးရန် ကြိုးပမ်းနေခဲ့ဟု ၎င်းက ဆိုသည်။
” သူတို့က ထွက်ပြေးမှာကြောက်တာပေါ့။ ဒါပေမဲ့ စိတ်မှ မပါကြတာ အများဆုံးက အဲဒါပဲ ကြံကြတာ။”ဟု ကိုညီညီလွင်က စစ်သားစုဆောင်းခံရသူ အများစု၏ စိတ်အခြေအနေကို ပြောပြသည်။
လုံခြုံရေးသွားရန် သုံးရက်မှ အလွန်ဆုံး တပတ်သာ ကြာမည်ဟု စစ်ကောင်စီက လိမ်ညာကာ ကရင်ပြည်နယ် စစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရဟု ကိုညီလွင်က ပြောသည်။
” ရွာလည်းမရှိဘူး။ စားစရာလည်းမရှိဘူး နေစရာလည်းမရှိဘူး ပိုက်ဆံရှိလို့ ဝယ်စရာ မရှိဘူး။ ရှေ့တန်းနေရာပေါ့ အဲဒီမှာ ပို့လိုက်တာ။ ပို့လိုက်တော့ ကျနော်တို့လည်း အဲဒီကတည်းက ပြေးဖို့ ကြံတာ” ဟု ၎င်းက ဆိုသည်။
အသိမရှိ နယ်မြေမကျွမ်းကျင်မှုကြောင့် တစ်လခန့် အချိန်ယူခဲ့ရကြောင်း၊ ပထမအကြိမ် ထွက်ပြေးစဉ် ဖမ်းဆီးခံရ၍ တပ်တွင်း အချုပ် ၁လကျော်နေခဲ့ရကြောင်း ရှင်းပြသည်။
“ပြီးတော့ လူလိုလို့ဆိုပြီး ဆိပ်ကြီးမှာ လုံခြုံရေးဆိုပြီး ပြန်ခေါ်တာ။လူလိုတော့ ပြန်ထုတ်ပြီးတော့ ခေါ်တော့ အဲဒီမှာ ဖုန်းတွေဘာတွေနဲ့ အဆက် အသွယ်တွေလုပ်ပြီး ထပ်စီစဉ်တာပေါ့။” ဟု ကိုညီလွင်က စစ်ကောင်စီတပ်မှ ထွက်ပြေးလာခဲ့မှု အခြေအနေကို အသိပေးသည်။
အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်သောကိုညီလွင်သည် သာမာန်ပြည်သူဘ၀ကလာ၍ သာမန်ပြည်သူဘ၀နှင့် နေလိုကြောင်းလည်း ပြောသည်။
ကိုညီလွင် အပါအဝင် ခမရ−၂၀ (ညောင်လေးပင်)နှင့် ခမရ-၅၈၁ တပ်ရင်း(ကော့သောင်း)တို့မှ စစ်မှုထမ်း တပ်သားသစ် ၄ဦးသည် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ ဇူလိုင် ၈ရက်နေ့၌ အလင်းဝင်ခဲ့ရာ လက်နက်များ ယူဆောင်လာခဲ့ဟု KNU ညောင်လေးပင်ခရိုင်က ယနေ့ (ဇူလိုင် ၁၉ရက်)တွင် အသိပေးထားသည်။
လက်နက်များ ယူလာသည့် အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးကို KNLAတပ်ရင်း(၉)က ကြိုဆိုခဲ့ပြီး တစ်ဦးလျင် ဆုကြေးအဖြစ် ကျပ် ၁၀သိန်း စီချီးမြှင့် ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ထိုကဲ့သို့ လက်နက်ချအလင်းဝင်လာသူများအား KNUနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အတင်းအဓမ္မစုဆောင်းခံရသော တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင်ရန် KNUက တိုက်တွန်းနှိုးဆော်ခဲ့သည်။


















































