Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင်ဒရုန်းဗုံးထိ၍ သေဆုံးဒဏ်ရာရသူများကယ်ဆယ်နေစဉ် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၉ဦးထပ်မံသေဆုံး

သုံးရက်အတွင်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပုလောဒေသ၌ ပြည်သူ ၂၀ဦးကျော် သေဆုံး

စစ်တပ်ပစ်ခတ်၍ပုလောမြို့နယ်၊ဇရပ်ဆိပ်ရွာရှိ နေအိမ်တစ်လုံး ပျက်စီးနေစဉ်။ ဓာတ်ပုံ - မြိတ်ခရိုင်ရင်း(၁)

ဇူလိုင်-၂၆၊၂၀၂၅။ ထားမြတ်၊​ဇော်ရမ်း/People’s Spring

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းစစ်ကောင်စီတပ်ကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၍ သေဆုံးဒဏ်ရာရသူများအား ပြည်သူများက ကယ်ဆယ်ရေးလုပ်နေစဉ်လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့၍ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇူလိုင် ၂၅ရင်) ည ၁၀နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ခဲ့၍သေဆုံးထိခိုက်ပြည်သူများကို ကူညီကယ်ဆယ်​ရေး ဆောင်ရွက်နေစဉ် ပါဒစက်တော်ရာတောင်ပေါ်၌ တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အဆိုပါနေအိမ်သို့ပင် ထပ်မံကျရောက် ပေါက်ကွဲခဲ့၍ နောက်ထပ်ပြည်သူ(၉)ဦးသေဆုံးပြီး (၃)ဦးထပ်မံထိခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“သေဆုံးတာစစ်ရှောင်အရပ်သားတွေပါ။အရပ်သားစစ်စစ်တွေပါ။ပထမပစ်တော့ထိသွားသူတွေကိုကယ်နေတာပါ။အဲ့ဒါကိုထပ်ပစ်တာပါ။ မိုးတွေအရမ်းရွာပြီးပြေးရလွှားရခက်နေကြချိန်ကြီး”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ပြည်သူများသည်ခရီးသွားများဖြစ်ပြီး လက်ရှိ ပြည်ထောင်စုလမ်းမကြီး(အမှတ်-၈ ပြည်ထောင်စုလမ်းမ မြိတ်-ပုလောလမ်းပိုင်း)ပေါ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲကြောင့် ခရီးမဆက်နိုင်သေးဘဲ နီးစပ်ရာ ကျေးရွာ၌ ဝင်ရောက်တည်းခိုသည့်အပြစ်မဲ့ ပြည်သူများသာဖြစ်ကြောင်း ဖော်ပြသည်။

“ပြည်သူကို ရန်သူသဖွယ်သဘောထားနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်နှင့် လက်နက်မဲ့ပြည်သူကိုပင်ခွဲခြားခြင်းမရှိတော့ပဲတရားလက်လွတ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းသာ ဖြစ်ပါသည်”ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ် ပြန်သည်။

ပုလောမြို့နယ်တွင် ဇူလိုင်၂၃ရက်မှစ၍ စစ်တပ်က မြေပြင်၊ လေကြောင်း၊ရေကြောင်း ပစ်ခတ်မှုများဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဇူလိုင် ၂၄ရက်နှင့် ၂၅ရက် တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၁၄ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ပင်လယ်ပြင်မှ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်အာနိုးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီး တိုက်ခိုက်ခဲ့၍လည်း ပြည်သူသေဆုံးထိခိုက်မှု ရှိခဲ့ပြီးအနည်းဆုံး ၁၀ ဦးခန့်ရှိဟု အသိပေးသည်။

“ထိခိုက်ဒဏ်ရာရတဲ့လူတွေ ရှိရင်ကယ်ဆယ်ရေးလုပ်မယ်ဆိုတာသူတို့ သိတယ်။ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်တာကအင်မတန်အောက် တန်းကျတဲ့ လုပ်ရပ်ပါပဲ”ဟုမြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ရက်) နံနက်တွင်လည်းတိုက်ပွဲဆက်ရှိနေပြီးစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်နေသည်ဟု ရဲဘော်အာနိုးက ပြောသည်။

ပုလောမြို့နယ်အတွင်းတွင် တိုက်ပွဲသည် ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများကို စနစ်တကျ တူးထားရန် အင်မတန် အရေးကြီးကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက သတိပေးသည်။

ထို့အပြင် တိုက်ပွဲဧရိယာအတွင်းရှိပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံး ထွက်ခွာရန် လည်း ထပ်မံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။