Connect with us

Hi, what are you looking for?

သတင်း

ကသာမှ အထက်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကသာမြို့မှဧရာ၀တီမြစ်ကြောင်းအတိုင်းဆန်တက်လာသည့်စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်းလေကြောင်း ပစ်ကူပေး လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဌေးကိုကို

ဇူလိုင်-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့မှဧရာ၀တီမြစ်ကြောင်းအတိုင်းဆန်တက်လာသည့်စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်းလေကြောင်း ပစ်ကူပေး လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၅ရက်)က ကသာမြို့နယ်၌ ညအိပ်သော စစ်သင်္ဘောအုပ်စုသည် ယနေ့(ဇူလိုင် ၂၆ရက်) မနက်တွင် ဆက်လက်ဆန်တက်ရာ ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးတဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမနက် ကသာကနေထွက်လာပြီး မိုးတားလေး ဝန်းကျင်ရောက်လာပြီလို့ ပြောတယ်။ အတိုက်ခံနေရလို့ အဲဒီ ဝန်းကျင် ရှေ့နောက် ဝဲယာ မန္တလေးနဲ့မြစ်ကြီးနားကနေ လေယာဉ် ၄စီးနဲ့ မနားတမ်း ပစ်နေကြတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။

စစ်သင်္ဘောများသည်ထီးချိုင့်နှင့်ကသာမြို့နယ်များသို့ရောက်ရှိစဉ် သင်္ဘောများပေါ်မှ လက်နက်ခဲယမ်း ရိက္ခာများချခဲ့ဟု ဒေသ သတင်းရင်းမြစ်တို့က အသိပေးထားသည်။

မန္တလေးမြို့မှ ထွက်ခွာလာသည့် အဆိုပါသင်္ဘောအုပ်စု မတ္တရာ၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် များအတွင်း ဖြတ်သန်းစဉ်တွင်လည်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ထိခိုက်ပျက်စီးပြီး အနည်းဆုံး ၁စီးနစ်မြုပ်ခဲ့သည်။

စစ်သင်္ဘောအုပ်စုများအနေဖြင့် မြစ်ကျဉ်းနေရာများရှိသည့် အထက်ပိုင်းရောက်လေ တိုက်ခိုက်မှု ပိုခံရနိုင်လေဟု တော်လှန်ရေးတပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အများကြီးတက်လာတာဆိုတော့တချို့တလေတော့ (ဗန်းမော်)ရောက်မယ်ထင်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်နေသည်မှာ နှစ်ဝက်ကျော် ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်မှ စစ်အင်အား ခဲယမ်းဖြည့်တင်းနိုင်ခြင်းမရှိသည့် အခြေအနေတွင် လေကြောင်းမှ ခဲယမ်းရိက္ခာများ ချပေးနေရခြင်းဖြစ်သည်။

မြို့သိမ်းစစ်ဆင်ရေးမစခင် ၂၀၂၄ မိုးကာလတွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့ကို ရေကြောင်းမှ စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သော်လည်း KIAပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောများ ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့ရပြီး သင်္ဘောတစ်စီးသာ ဗန်းမော်ကိုရောက်ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိ ဗန်းမော်မြို့တွင် KIAနှင့် စစ်ကောင်စီတပ် အကြား ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြန်အလှန်တိုက်ခိုက်မှု နေ့စဉ်နီးပါး ရှိနေပြီး မြေပြင်တိုက်ပွဲများမရှိဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။