သြဂုတ်-၇၊၂၀၂၅။ဇေအောင်၊ People’s Spring
အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုငြင်းပယ်ခံရလို့ သေဆုံးမှုတွေ မြင့်တက်လာတာဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီး စစ်ကောင်စီအနေနဲ့အဲဒီလုပ်ရပ်တွေကိုချက်ချင်းရပ်တန့်ဖို့ အဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲအတွင်း လူ့အခွင့်အရေးတွေသိသိသာသာ ဆုတ်ယုတ်လာချိန်မှာ အကျဉ်းထောင်အတွင်း သေဆုံးမှုတွေ မြင့်တက်လာတဲ့အပေါ် အထူးစိုးရိမ်ကြောင်း၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့အကျဥ်းသား ၁,၈၀၀ ကျော်ဟာ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခံရတာ၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းမှုတွေမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသမှုမရရှိခြင်းကြောင့် သေဆုံးရသူတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်-မြန်မာ (Political Prisoners Network-Myanmar) က ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၉၀ ဟာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခံရခြင်း၊ မလျော်မကန်ပြုမူခံရခြင်း သို့မဟုတ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း အကျဉ်းထောင်တွေမှာ လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုသူတွေထဲက အနည်းဆုံး ၅၉ ဦးဟာ မတ်လ ၂၈ ရက်က ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်မှ အဆောက်အအုံများ ပြိုကျမှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လထဲမှာပဲ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကိုယ်စားလှယ် ကိုပြည့်စုံအောင်၊ အခြားနိုင်ငံရေးအကျဉ်းသားနှစ်ဦးတို့လည်း အကျဥ်းထောင်အတွင်း ရိုက်နှက်နှိပ်စက်ခံရတာတွေ၊ ဆေးကုသခွင့်မရတာတွေကြောင့်အကျဉ်းထောင်တွေမှာ ကျဆုံးခဲ့ရကြောင်း၊ သတင်းအချက်အလက်ရယူဖို့နဲ့ အတည်ပြုဖို့ ခက်ခဲတာတွေကြောင့်အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ ဒီ့ထက် ပိုများနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးမှုများလာတဲ့အပေါ်မှာ အင်မတန်စိုးရိမ်ဖို့ကောင်းတယ်။ ဒီအခြေအနေကို ပြည်သူလူထုကော၊ ကမ္ဘာကြီးကော အာရုံစိုက်ဖို့ အင်မတန်လိုအပ်နေပြီဖြစ်တယ်။”လို့ တောင်းဆိုရာမှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းထောင်အတွင်း အနိုင်ကျင့်မှုတွေကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းသော ဆန္ဒပြမှုတွေမှာ ပါဝင်သူတွေဟာ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်း၊ တစ်ဦးတည်း သီးခြားချုပ်နှောင်ခံရခြင်း၊ စွဲချက်အသစ်များနဲ့ တရားစွဲခံရခြင်း၊ ပိုဝေးတဲ့မေရာတွေ ပြောင်းရွှေ့ခံရခြင်း၊ ပြောင်းရွှေ့ခံရချိန် သတ်ဖြတ်ခံရခြင်းများ ခံနေရတယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးမှုတွေနဲ့ အကျဉ်းထောင်အတွင်း အနိုင်ကျင့်မှုတွေအတွက် စစ်ကောင်စီက တာဝန်ရှိသူတစ်ဦးတစ်ယောက်မျှတာဝန်ယူရခြင်းမရှိသေးကြောင်း၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ အရေးယူဆောင်ရွက်မှုများ လိုအပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
စစ်ကောင်စီအနေနဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခွဲခြားဆက်ဆံမှုမရှိဘဲ ချက်ချင်းပေးအပ်ဖို့နဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အခြား မလျော်မကန်ပြုနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ အဖွဲ့တွေက တောင်းဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ထိန်းသိမ်းခံရသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အခြား မလျော်မကန်ပြုမှုနေတာကိုအဆုံးသတ်ရန်၊ကုလသမဂ္ဂအကျဉ်းသားများအား မဖြစ်မနေ လိုက်နာရမယ့် စံနှုန်းများ (Nelson Mandela Rules) နဲ့ နိုင်ငံတကာ ထိန်းသိမ်းရေးဆိုင်ရာစံနှုန်းများနဲ့အညီအကျဉ်းထောင်များအတွင်း အခြေအနေများ တိုးတက်ကောင်းမွန်လာစေဖို့ အရေးတကြီး ဆောင်ရွက်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။
ထိန်းသိမ်းခံရသူတွေဟာ အကျဉ်းထောင်ပြင်ပ ဆေးရုံတွေကို သွားရောက်ခွင့် အပါအဝင် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသမှုတွေကို အချိန်မီ ရရှိရမှာဖြစ်ကြောင်း၊ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့နိုင်ဖို့ နိုင်ငံတကာအကူအညီများကို ခွင့်ပြုပေးခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မိသားစုဝင်များအား အကျဉ်းထောင်ကို သွားရောက်ခွင့်ပေးခြင်းတွေနဲ့ အကျဉ်းထောင်များအတွင်း ဆေးဝါးနဲ့ အခြားပစ္စည်းများ ထောက်ပံ့ပေးမှုကို အားဖြည့်ပေးသင့်ကြောင်း၊ မြန်မာစစ်တပ်ဟာ မတရားဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကိုလည်း ချက်ချင်းလွှတ်ပေးရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအချက်တွေကို ALTSEAN-Burma၊ Amnesty International၊ Article 19၊ Asian Forum for Human Rights and Development (FORUM-ASIA)၊Assistance Association for Political Prisoners၊ Athan- Freedom of Expression Activist Organization၊ Burma Campaign UK၊ Chin Human Rights Organization၊ Exile Hub၊ Fortify Rights၊ Human Rights Foundation of Monland၊ Manushya Foundation၊Myanmar Peace Museum၊ Political Prisoners Network – Myanmar Politics for Women Myanmar စတဲ့လူ့အခွင့်အရေးတောင်းဆိုတဲ့အဖွဲ့တွေက စုပေါင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

















































