စက်တင်ဘာ-၉၊၂၀၂၅။လူအေး/People’s Spring
ဖားကန့်တွင်စစ်တပ်စစ်ကြောင်းများနှင့် KIA၊KPDF ပူးပေါင်းတပ်၏တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပြီး စစ်တပ်ကအင်အားထပ်ဖြည့်နေ၍ တိုက်ပွဲများပိုပြင်းထန်လာမည်ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အင်အားတစ်ထောင်ကျော်ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်း နှင့် ဩဂုတ်လဆန်းတွင် ဖားကန့်သို့ အသုတ်လိုက်ခွဲဝင်ရောက်လာပြီး KIA၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
KIAထိန်းချုပ်ထားသည့် နေရာများကို ပြန်လည်ရယူရန် ကြိုးစားနေသည့်အတွက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်၌ ထိခိုက်သေဆုံးမှုများပြားနေသည်ဟုဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ပြောသည်။

Public Service Announcement
“သူတို့ဘက်က တော်တော်များများကျတယ်။ ဒဏ်ရာရတာလည်း အများကြီးရှိတယ်။ သေတာ ၁၀၀ ကျော်၊ဒဏ်ရာရတာ ၁၀၀ ကျော်ပါပြီ။ အင်အားတွေ ထပ်ဖြည့်ထားလို့ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာဖြစ်ပါတယ်”ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ဖားကန့်သို့ မိုးကောင်းအခြေစိုက် စကခ(၃)မှ စစ်ကောင်စီစစ်ကြောင်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းအချို့နှင့် ပြည်သူ့စစ်အဖွဲ့များပါသည့်စစ်ကြောင်းများ ဝင်ရောက်လာခြင်းဖြစ်သည်။
စစ်တပ်စစ်ကြောင်းများသည်ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံ တို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့၌ရှိနေပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်နေသလို မိုင်ဆွဲတိုက်ခိုက်မှုများလည်းရှိနေသည်ဟု ဒေသခံများကပြောသည်။
စက်တင်ဘာလ၇ရက်နေ့ညက တစ်ညတည်း၌ လက်နက်ကြီးအချက်ပေါင်း၁၀၀ကျော်ပစ်ခတ်ခဲ့ပြီး စက်တင်ဘာ ၈ ရက်ညကလည်း ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ထံမှသိရသည်။
လက်ရှိစစ်ရေးအခြေအနေအရ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီလက်နက်ကြီးအန္တရာယ်နှင့် မြေပြင်စစ်ကြောင်းအန္တရာယ်ကိုအထူးသတိပြုရန် ဗိုလ်မှူးကြီးနော်ဘူကသတိပေးသည်။
“အဓိကကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာ။အဲ့ဒါက လူထုအတွက် ပြဿနာအကြီးဆုံးပဲ။ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲက ပြည်သူလူထုအတွက် တော်သေးတယ်။ လက်နက်ကြီးအန္တရာယ်က လူထုအတွက် စိတ်ပူစရာအကောင်းဆုံးပဲ”ဟု ဗိုလ်မှူးကြီး နော်ဘူကပြောသည်။
စက်တင်ဘာ ၈ ရက်ညက စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်သည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၇ ဦးဒဏ်ရာရခဲ့သည်။
ထိုအပြင် အရေးကြီးသတိပေးချက်အနေဖြင့် ဒေသတွင်း၌ တိုက်ပွဲဖြစ်ပါက လုံခြံသည့်နေရာတွင် ပုန်းခိုရန်၊ စစ်ကြောင်းများ ရောက်လာပါကထွက်မကြည့်ရန်လည်း ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။
“အရေးကြီးတဲ့အချက်က စစ်ကြောင်းဝင်လာပြီဆိုရင် ချောင်းကြည့်တာမျိုးတွေ၊ ရပ်ကြည့်တာမျိုးတွေ မလုပ်ဖို့လိုတယ်။ အဲဒီလိုလုပ်ရင်သူတို့ပစ်သတ်လိုက်တာပဲ”ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။
စစ်ကောင်စီစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်ဆင်းများနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး ၎င်းတို့သည် မူးယစ်ဆေးသုံးကာ ဆေးကြောင်ပြီး သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
စက်တင်ဘာလ ၇ရက်ညက စစ်ကောင်စီက လမ်းသွားလမ်လာများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသမီးအချို့အပါအဝင်ငါးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
လက်ရှိတွင် စစ်ရေးတင်းမာနေသော ရွာများမှ ဒေသခံများသည်စစ်ကြောင်းသတင်းနားစွင့်ကာဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာပြီးနောက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၃လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၅၀ဦးခန့်ရှိနေပြီဖြစ်သည်။


















































