စက်တင်ဘာ−၁၁၊ ၂၀၂၅။ ဟန်နွေ/People’s Spring
နိုင်ငံကြီးတခုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား ခြိမ်းခြောက်ဖိအားပေးနေမှုကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း အထွေထွေထိုးစစ်အတွက် လက်နက်ခဲယမ်းမီးကျောက်ရရှိရေး ပြင်ဆင်မှုနှင့် နည်းလမ်းရှာပြီး ဒရုန်း၊ ဂျန်ဘာကဲ့သို့ နည်းပညာပစ္စည်းများ ဖြည့်တင်းမှုလုပ်ဆောင်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
NUG သတင်းပြန်ကြားရေးဌာန PVTVက ဝန်ကြီးဦးရည်မွန်နှင့်မေးမြန်းခန်းကို ယနေ့ စက်တင်ဘာ ၁၁ရက်တွင် ဖော်ပြခဲ့ရာ ပြည်သူများမျှော်လင့်နေသည့် အထွေထွေထိုးစစ်နှင့်ပတ်သက်ပြီး ပြင်ဆင်နေမှုများကို ဝန်ကြီးက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” တနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ဆင်နိုင်ဖို့ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ကိုယ့်တပ်ကို ပြင်ရမယ်။ ဘဏ္ဍာရန်ပုံငွေပြင်ရမယ်။ နောက် လက်နက်ခဲယမ်းမီးကျောက်ပြင်ရမယ်။ ဒီသုံးချက်အဓိကပြင်ရပါလိမ့်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားပြီး လက်ရှိတွင် တပ်တည်ဆောက်ရေး အားထုတ်နေကြောင်း အသိပေးသည်။

Public Service Announcement
တပ်များ ပြန်လည်စုဖွဲ့ခြင်း၊ မွမ်းမံလေ့ကျင့်ခြင်း၊ အဆင့်မြင့်သင်တန်း စီစဉ်နေသကဲ့သို့ တဖက်တွင် PDF တပ်မတော်၏ အရေးကြီးသည့် ကွပ်ကဲမှု အဆင့် ဖြစ်သည့် စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ကွပ်ကဲမှု တာဝန်ရှိသူများ ဆက်တိုက်တာဝန်ပေးအပ်ခြင်းများ ယခုနှစ်အတွင်း အထူးအားစိုက်လုပ်ဆောင်နေဟု ဆိုသည်။
ဘဏ္ဍာရန်ပုံငွေနှင့် လက်နက်ခဲယမ်းမီးကျောက်သည် တော်လှန်ရေးအစကတည်းက အကြီးဆုံး စိန်ခေါ်မှု ဖြစ်သော်လည်း ပြည်တွင်း ပြည်ပ ပြည်သူများ အလှူရှင်များက ဇွဲမလျှော့တန်း တက်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးထူထောင်မှု အတိုင်းအတာ တခုထိရှိလာ၍ မြေပြင်မှ ရရှိသည့် အခွန်အခသည် တော်လှန်ရေး ရန်ပုံငွေအတွက်တတပ်တအား ဖြစ်စေကြောင်း ဝန်ကြီးက ပြောသည်။
“လက်နက်ခဲယမ်းမီးကျောက်နဲ့ ပတ်သက်ရင်လိုအပ်ချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ အထူးသဖြင့် အခုလို အချိန် တဖက်နိုင်ငံကြီးက ပြည်သူ့ရန်သူ စစ်အုပ်စုဘက်က ပြောင်ကျကျ ရပ်၊ ကျနော်တို့ ပြည်တွင်းရေး ဝင်စွက်၊နောက်ကျနော်တို့ ညီနောင်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ဖိအားပေးနေတာကတော့ စစ်လက်နက်ပစ္စည်း ရရှိရေးမှာ အဟန့်အတား တချို့ ဖြစ်နေတယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ရှာလို့ စုလို့ ရသင့်သလောက်ရနေပါတယ်။ တဖက်မှာ ကိုယ်တိုင် ထုတ်လုပ်ရေးနဲ့ နည်းပညာပိုင်း ဒါကလည်း တိုးတက်နေတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်လာတာကတော့ အရေးကြီးတဲ့ တိုးတက်မှုလို့ ဆိုရပါလိမ့်မယ်။ကျနော်တို့ ဆက်ပြီးတော့ တိုက်နိုင်ပါလိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
တရုတ်နိုင်ငံက စစ်ကောင်စီကို စစ်လက်နက်ခဲယမ်း အကူအညီများပေးနေပြီး စစ်ကောင်စီ ကြိုးပမ်းနေသောရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားသကဲ့သို့ တဖက်တွင်လည်း နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များကိုဖိအားမျိုးစုံပေးကာ စစ်ကောင်စီနှင့် အပစ်ရပ်စဲစေခြင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးစေခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုအခြေအနေတွင် ဝန်ကြီးက တဖက်နိုင်ငံကြီးက စစ်အုပ်စုဘက်ရပ်တည်နေမှု အခြေအနေအပေါ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်သူကို အထင်သေးလို့မရသကဲ့သို့ ရန်သူကို အထင်ကြီးနေလို့လည်း မဖြစ်ကြောင်း၊ ရန်သူ့အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန် အရေးကြီးကြောင်း ဝန်ကြီးက ပြောကြားပြီး စစ်ကောင်စီအနေဖြင့်လက်ရှိတွင်တနိုင်ငံလုံးအတိုင်းအတာ ထိုးစစ်ဆင်နိုင်ခြင်းမရှိဟု ပြောသည်။
“ကိုယ့်ထက်အဆပေါင်းများစွာ ရုပ်၀တ္ထုအရ အင်အားကြီးတဲ့ရန်သူဖြစ်ပေမယ့် သူ့မှာလည်း သူ့အကန့်အသတ်နဲ့ရှိနေတယ်ဆိုတာ ကျနော်တို့ မြင်ယောင်ကြည့်ဖို့လိုပါလိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ဒရုန်းနှင့် ဂျန်ပါသုံးစွဲနိုင်စွမ်းမြင့်တက်လာကြောင်း ဝန်ကြီးက ပြောသည်။
” ဒီနည်းပညာ ပစ္စည်းတွေနဲ့ပတ်သက်ရင် ရန်သူ့မှာ အကန့်အသတ်မရှိတင်သွင်းခွင့် ရနေပေမယ့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်မှာ အကန့် အသတ်ရှိနေပါတယ်။ ဒရုန်း၊ ဂျန်ဘာ သုံးစွမ်းနိုင်စွမ်း အားနည်းလာတဲ့အပေါ် ကျနော်တို့ နည်းလမ်းရှာပြီး ပြန်လည်ဖြည့်တင်းနေတယ်ဆိုတာ အသိပေးလိုပါတယ်။” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တဖက်တွင် နည်းပညာပိုင်းမြှင့်တင်မှုလုပ်ဆောင်နေသကဲ့သို့ တဖက်တွင် စစ်မြေပြင် နည်းဗျူဟာ အပြောင်းအလဲများ စီစဉ်ဆောင်ရွက်နေကြောင်းလည်း ပြောသည်။
စစ်ကောင်စီက အားပြန်စုပြီး စစ်မျက်နှာ အချို့၌ ထိုးစစ်ဆင်နေသည်ကိုတွေ့ရသော်လည်း အကန့်အသတ်မဲ့ ထိုးစစ်မျိုးမဟုတ်ဘဲ နေရာကွက်ပြီး အကန့်အသတ်ဖြင့် သာ လုပ်နေသည့် ထိုးစစ်မျိုးဖြစ်ကြောင်း ရှင်းပြသည်။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ထိုးနိုင်စွမ်း သူ့မှာမရှိတာလည်း သေချာပါတယ်။ရန်သူ့မှာလည်း လူအင်အားအရ လက်နက်ခဲယမ်းအရ အကန့်အသတ်တွေရှိနေတယ်ဆိုတာ သတိပြုမိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းသည့်နည်းဖြင့် အင်အားဖြည့်နေသော်လည်း PDF အနေဖြင့် ယင်းနည်းကို သုံးမည်မဟုတ်၊ သုံးလို့လည်းမရ၊ သုံးစရာလည်းမလိုကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။
“အရေအတွက်အင်အား ထိုက်သင့်သလောက်တိုးနေတာ မှန်ပေမယ့် သူ့အတွက် တိုက်ခိုက်ရေးအင်အား ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ သေချာတာ တခုကတော့ ရန်သူ့ဘက်က ထွက်ပြေးလာပြီး ကျနော်တို့ဆီမှာ လူရော လက်နက်ရော အားဖြည့်ပေးနေတဲ့သူတွေနေ့စဉ်နဲ့အမျှ ရှိနေတယ်ဆိုတာ ကိုလည်း ကျနော်တို့ ပြောလိုပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီ၏ အဓမ္မ စစ်သားစုဆောင်းမှု ၏ နောက်ဆက်တွဲ အခြေအနေအပေါ် ပြောသည်။
ထို့ပြင် စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ တိုးလာကြောင်း ဝန်ကြီးက ပြောသည်။ တော်လှန်ရေးရဲဘော်များသည် လေကြောင်း တိုက်ခိုက်မှုကြားက မြို့ များ၊ စခန်းများ ရအောင်သိမ်းခဲ့ရာ တပ်ဖွဲ့များ အန္တရာယ်ကင်းအောင် နေထိုင်ရန် အတွေ့အကြုံများနေကြောင်း ပြောပြသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရည်ရွယ်ချက်သည် တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေရှိ အရပ်သား ပြည်သူများ ကျီးလန့်စာစား ဖြစ်နေစေချင်သည်မှာ အဓိက ဖြစ်လိမ့်မည်ဟု မြင်ကြောင်း ၎င်းက ဆိုသည်။

















































