Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဖျက်ဆီးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ မြေယာနဲ့ အိုးအိမ်တွေကနေ အကျိုးအမြတ်ရရှိခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို IIMM ထုတ်ပြန်

အစီရင်ခံစာအပြည့်အစုံတွင်ပြစ်မှုများအတွက် တာဝန်ရှိနိုင်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ထား​

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊​နေအိမ်များမီးရှို့ခြင်း ၊ အဓမ္မပြုကျင့်ခြင်းစ​သော လူမျိုးတုံးသတ်ဖြတ်မှုများ​ကြောင့် ဘဂ်လား​ဒေရှ်သို့ထွက်​ပြေး​နေ​သော ရိုဟင်ဂျာများ။ဓါတ်ပုံ-AP

စက်တင်ဘာ-၃၀၊၂၀၂၅။People’s Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ၂၀၁၇ခုနှစ်အကြမ်းဖက်မှုတွေအတွင်း ရိုဟင်ဂျာတွေရဲ့ မြေယာနဲ့ အိုးအိမ်တွေကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်းကနေ အကျိုးအမြတ်ရရှိခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ကုလသမဂ္ဂရဲ့ မြန်မာယန္တရား(IIMM)အစီရင်ခံစာအသစ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဒီနေ့ကျင်းပမယ့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံ မတိုင်မီ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီညီလာခံဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ အင်အားသုံး ဖယ်ရှားခံရတဲ့ ရိုဟင်ဂျာတစ်သန်းကျော်တို့ရဲ့ အခြေအနေကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုရရှိဖို့နဲ့ အဖြေရှာဖို့ ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)က ဆိုပါတယ်။

“ရိုဟင်ဂျာတွေအတွက်လုံခြုံပြီးသူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ရေရှည်ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့အခါ၊ သူတို့တွေကို မြန်မာနိုင်ငံတွင်း ပြန်လာခွင့်ပေးရမယ်ဆိုတဲ့အချက်ကနိုင်ငံတကာအသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ အများစုအတွက် သူတို့ရဲ့ နေအိမ်မပြောနဲ့၊ ပြန်ဖို့ ရွာတောင်မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ပြီး ရေရှည်ငြိမ်းချမ်းစေဖို့အတွက် သူတို့ရဲ့လူမှုအသိုက်အဝန်းတွေကိုပြန်လည်တည်ဆောက်ခွင့်ပြုရမှာဖြစ်ပြီး၊ လုံလောက်တဲ့ ကုစားမှု သို့မဟုတ် အကူအညီများပေးဖို့ အထူးကြိုးပမ်းရမှာ ဖြစ်ပါတယ်”လို့ယန္တရားအကြီးအကဲ မစ္စတာနီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

IIMM ရဲ့ အစီရင်ခံစာသစ်မှာကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဂြိုလ်တုပုံရိပ်တွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ တရားဝင် မှတ်တမ်းမှတ်ရာတွေ၊ စာရွက်စာတမ်းတွေကို အခြေခံထားတယ်လို့ ​ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာအုပ်စု (၇) စုကို အဓိက လေ့လာထားပြီး ကျေးရွာအုပ်စုတစ်စုစီမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးသွားပြီးနောက်ပိုင်း သူတို့ရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီး ရိုဟင်ဂျာတွေ တချိန်ကနေထိုင်ခဲ့တဲ့ မြေနေရာတွေမှာ BGP(နယ်ခြားစောင့်တပ်) အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့တယ်လို့ IIMM အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဥပမာအနေနဲ့ မြို့သူကြီးကျေးရွာအုပ်စုမှာ ရိုဟင်ဂျာမိသားစုများစွာရဲ့မျိုးရိုးစဥ်ဆက်အလိုက် မြေယာပိုင်ဆိုင်မှု အထောက်အထားတွေကို ခြေရာခံနိုင်ပြီး ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုမတိုင်မီက အိမ်ခြေပေါင်း ၈၀၀ ကျော်၊ ဆိုင်တွေ၊ စျေးတွေနဲ့ ဗလီတွေရှိခဲ့တယ်လို့ အထောက်အထားတွေက ဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်အရောက်မှာတော့ မြေဧကပေါင်း ၄၁၁ ဧကကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အရင်ရိုဟင်ဂျာကျေးရွာတွေ တည်ရှိခဲ့တဲ့ နေရာမှာ ကျယ်ပြန့်တဲ့ BGPအခြေစိုက်စခန်းတစ်ခု ဆောက်လုပ်ခဲ့တဲ့ အထောက်အထားတွေကို ယန္တရားက စုဆောင်းထားတယ်လို့ ဆိုပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနဟာ BGP စခန်းတွေ တိုးချဲ့ရေးအတွက် ငွေကြေးထောက်ပံ့မှုနဲ့ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ခြင်းအပါအဝင် သိမ်းယူထားတဲ့ ရိုဟင်ဂျာပိုင်မြေတွေကို BGPကတိုက်ရိုက် အပိုင်စီးအသုံးပြုခြင်း၊ Asia World ကုမ္ပဏီနဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေက အခြေစိုက်စခန်းတွေ၊ လမ်းတွေနဲ့ လုံခြုံရေးစခန်းတွေ ဆောက်လုပ်ခဲ့ခြင်းတွေကို အစီရင်ခံစာ ဖော်ပြထားတယ်လို့ ထုတ်ပြန်ပါတယ်။

အစီရင်ခံစာမှာ ရိုဟင်ဂျာကျေးရွာတွေကို ဖျက်ဆီးခြင်းနဲ့ BGPအခြေစိုက်စခန်းတွေဆောက်လုပ်ခြင်းကနေ အကျိုး အမြတ်ရရှိခဲ့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများစွာကို ဖော်ပြထားတယ်လို့ သိရပါတယ်။

ယန္တရားက အသေးစိတ်စိစစ်သုံးသပ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာအပြည့်အစုံကို သက်ဆိုင်ရာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေကို မျှဝေဖို့ ပြင်ဆင်ထားပြီးစက်တင်ဘာ ၂၉ ရက်​နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အများပြည်သူထံ ထုတ်ပြန်တဲ့ အကျဥ်းချုပ်သာ ဖြစ်တယ်လို့ အသိပေးပါတယ်။

အစီရင်ခံစာအပြည့်အစုံမှာတော့သက်သေနဲ့ အချက်အလက်ရင်းမြစ်တွေပါ၀င်ကာပြစ်မှုတွေအတွက် တာဝန်ရှိနိုင်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်ထားပြီး မြန်မာနိုင်ငံရှိ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ ဒါမှမဟုတ် နစ်နာခဲ့သူတွေအတွက် ကုစားမှုဆိုင်ရာလုပ်ငန်းတွေမှာ အထောက်အကူပြုဖို့ မျှော်လင့်ကြောင်း IIMM က ဆိုပါတယ်။

IIMM ယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခြင်းများအတွက် အထောက်အထားတွေစုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားတွေကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့ သက်ဆိုင်တဲ့ဖိုင်တွဲတွေကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေးကူညီဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။