အောက်တိုဘာ-၇၊ ၂၀၂၅။ရဲခေါင် /People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စစ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၇ရက်) မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။
“ တော်လှန်ရေးအင်အားစုဘက်ကပြန်ပြီးထိုးစစ်ဆင်တယ်လို့ ကြားတယ်။အသံကြီး၊အသံသေး အစုံပဲ။မနက်ကတည်းက လို့ပဲ သိရတယ်” လို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲအနီးနားက ကျေးရွာတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့ နဲ့ လူစုလူဝေးလုံးဝမလုပ်ကြဖို့ စစ်ရှောင်အရေးကူညီနေတဲ့ကိုရာဇာက တိုက်တွန်းပါတယ်။
“ တိုက်ပွဲဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိနေထိုင်ရာ ကျေးရွာနဲ့စစ်ရှောင်စခန်းတွေကို စကမဖက်က အချိန်မရွေး လေယာဥ်နဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း အသေခံဒရုန်းဖြင့်ဗုံးကြဲခြင်းများ အချိန်မရွေးပစ်ခတ်တိုက်ခိုက်နိူင်တယ်ဆိုတာ အမြဲသတိရ၊သတိချပ်ကြပါ” လို့ သူက ပြောပါတယ်။
ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုထဲက တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊လုံးပျဉ်စတဲ့ကျေးရွာတွေကိုဒေသခံတော်လှန်ရေးတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကနယ်မြေစိုးမိုးထားခဲ့ပေမယ့်အခုနှစ် စက်တင် ဘာဒုတိယပတ်က စစ်ကောင်စီတပ်နဲ့ PNO ကအင်အားအလုံး အရင်းနဲ့ထိုးစစ်ဆင်ပြီး ပြန်ယူခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ တောင်မဲသင်းရွာတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ဒေသခံတော်လှန် ရေးအင်အားစုတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေကြောင့် ကြိုးကြားတိုက်ပွဲတွေရှိနေတယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က အောက်တိုဘာ ၆ရက်က ထုတ်ပြန်ထားပါတယ်။
















































