အောက်တိုဘာ-၁၀၊ ၂၀၂၅။ လူအေး/People’s Spring
ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA၊KPDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ အောက်တိုဘာလ ၁၀ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ဗုံးကြဲပြီး လေကြောင်းက ကင်းထောက်နေပါတယ်။
“မနက် ၇နာရီခွဲလောက်ကစပြီး ပတ်ပျံနေတာ။ အဲဒီနောက်ပိုင်း မလန်းရွာဘက်ကို ဗုံးတွေတော်တော်ကြဲသွားတယ်။ ၈နာရီနောက်ပိုင်း နောက်ထပ်တစ်စီးရောက်လာသေးတယ်။ ကင်းထောက်နေပုံပဲ” လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။
နမ့်မဖြစ်ကျေးရွာအုပ်စုမှာပါတဲ့ မလန်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA၊KPDF ပူးပေါင်းတပ် တိုက်ပွဲတွေဖြစ်နေပြီး မနေ့ကအောက်တိုဘာလ၉ရက်နေ့လယ်၁၂နာရီခန့်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement
“မလန်းက စစ်ကောင်စီစစ်ကြောင်းရှိနေတဲ့နေရာကနေ KIA ရှိတဲ့ ဆိုင်းတောင်ဘက်ကို သွားလို့ရတယ်။ စစ်ကောင်စီတပ်က ဆိုင်းတောင်ကိုတည်ချင်တာ။ KIAက ပိတ်တိုက်နေတာ။ စစ်တပ်ဘက်မှာလည်းတော်တော်သေထားတယ် ကြားတယ်။ ဒါကြောင့် လေကြောင်း ဆက်တိုက်သုံးတာ ” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူး။
ဆိုင်းတောင်ကျေးရွာဟာ ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ထဲမှာ KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။အင်အား ၁၀၀၀ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့သည့် ဇွန်လဆန်းနဲ့ ဩဂုတ်လဆန်းမှာ ဖားကန့်ကို အသုတ်လိုက်ဝင်ရောက်လာပြီး KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံ တို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ ယူမာကျေးရွာတို့မှာ ရှိနေပြီး လက်ရှိမှာတော့ ဆိုင်းတောင်ရွာဘက်ကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။
ဖားကန့်မှာ တိုက်ပွဲတွေပြင်းထန်နေသလို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ ၄ နာရီအထိ အပြင်မထွက်ဖို့ ထုတ်ပြန်ထားပါတယ်။KIAကတော့ ဒေသခံတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ မကြာခဏသတိပေးနေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အပြင် မြေပြင်စစ်ကြောင်းအန္တရာယ်ကိုပါအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကသတိပေးထားပါတယ်။
လက်ရှိမှာ ဖားကန့်အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မှာလည်းမှာလည်း စစ်ကောင်စီနဲ့ KIAပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှု များနေတယ်လို့ သတင်းရရှိပါတယ်။


















































