Connect with us

Hi, what are you looking for?

သတင်း

ကျောင်းမှာ အခမဲ့ကျွေးတဲ့ အစားအသောက်ကြောင့် အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါး အစာအဆိပ်သင့်

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို အားပေးဖို့၊ ကလေးတွေကို ပညာရေးနဲ့ နီးစပ်စေဖို့ ရည်ရွယ်ပြီး ကျောင်းတွေမှာ အခမဲ့ နေ့လယ်စာ စီစဉ် ကျွေးမွေးဖို့ ဆိုတာဟာ လက်ရှိ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာကတိ တစ်ခု ဖြစ်ပါတယ်။ လက်တွေ့အားဖြင့်လည်း အဲဒီစီမံကိန်းကို နိုင်ငံအနှံ့ ကျောင်းတွေမှာ ကြိုးစား အကောင်အထည် ဖော်နေပါတယ်။

ဒါပေမဲ့လည်း တခြားတစ်ဖက်မှာတော့ အစားအသောက် စီစဉ်ပေးတဲ့၊ ကုန်ကြမ်းတင်သွင်းတဲ့ ကန်ထရိုက် ကုမ္ပဏီတွေရဲ့ ကိုင်တွယ်ပုံ မသန့်ရှင်းမှုလို ပြဿနာတွေကြောင့်လည်း ကလေးတွေ အစာအဆိပ်သင့်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ကြုံနေရပါတယ်။

ဇန်နဝါရီလက စတင်ခဲ့တဲ့ အခမဲ့ ကျောင်းနေ့လယ်စာ အစီအမံကြောင့် အောက်တိုဘာ ၂၉ ရက်နေ့ထိ အခြေအနေအရ အစာအဆိပ်သင့်မှု ကြုံခဲ့တဲ့ ကလေးအရေအတွက် စုစုပေါင်း ၁၅၀၀၀ လောက်ထိ ရှိခဲ့ပြီး ရှိတယ်လို့ ဒေသခံ အန်ဂျီအို အဖွဲ့တစ်ခုဖြစ်တဲ့ JPPIက ပြောပါတယ်။ JPPIက အစိုးရ အနေနဲ့ ဒီအစီအစဉ်ကို ပိုမို ဘေးကင်းလုံခြုံတဲ့ ကြပ်မတ်မှုတွေ မလုပ်ပြီးမချင်း ဆိုင်းငံ့ထားသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၉ ရက်နေ့တုန်းက ယော့ဂ်ယာကာတာ ပြည်နယ်ထဲက ဂွန်နွန်ကီဒူလ် ဒေသမှာ ကျောင်းနှစ်ခုက ကလေး စုစုပေါင်း ၆၆၀ ကျော် အစာအဆိပ်သင့်မှု လက္ခဏာတွေ ခံစားခဲ့ရပါတယ်။ တချို့လည်း ဆေးရုံရောက်ခဲ့ကြပါတယ်။ အဲဒီကိစ္စမှာလည်း ကျောင်းတွေဆီ အစားအသောက် ကန်ထရိုက်ယူ တင်သွင်းတဲ့ လုပ်ငန်းတစ်ခုခုမှာ အမှားအယွင်း ရှိခဲ့တယ်လို့ ယူဆရပါတယ်။

အစိုးရရဲ့ အခမဲ့ ကျောင်းနေ့လယ်စာ ပရောဂျက်ကို အဓိက ကြီးမှူးနေတဲ့ အမျိုးသား အာဟာရ အေဂျင်စီ (BGN)ရဲ့ အကြီးအကဲ ဒါဒန် ဟင်ဒါယာနာကတော့ ယော့ဂ်ယာကာတာ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ကတိပြုထားပြီး ဒေသတွင်းက အစားအသောက် ကန်ထရိုက် လုပ်ငန်းတချို့ကို ယာယီ ဆိုင်းငံ့ထားစေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းတွေအတွက် အစားအသောက် တာဝန်ယူ ချက်ပြုတ်ပေးတဲ့ လုပ်ငန်းပေါင်း ၁၁၀၀၀ လောက် ရှိနေပါတယ်။ BGNကတော့ နှစ်ကုန်ပိုင်းရောက်ရင် နိုင်ငံအနှံ့က ကျောင်းတွေမှာ ကလေးဦး သန်း ၇၀ ထိ အခမဲ့ နေ့လယ်စာ အစီအစဉ်ကို ခံစားခွင့် ရရှိနေမယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ နှစ်ဆန်းပိုင်းတုန်းက အစိုးရ ကြိုတင် ခန့်မှန်းထားတဲ့ ၈၃ သန်းဆိုတဲ့ အရေအတွက်ထက်တော့ နည်းပါတယ်။ BGNကတော့ အချက်အပြုတ် တာဝန်ယူပေးမယ့် လုပ်ငန်းတွေ နည်းနေလို့ မျှော်မှန်းသလောက် ခရီးမရောက်တာလို့ ပြောပါတယ်။

ပြီးတော့ ကလေးတွေအတွက် အခုနှစ်မှာ အခမဲ့ နေ့လယ်စာ ကျွေးမွေးဖို့ ရူပီးငွေ ၁၇၁ ထရီလီယံထိ အစိုးရက စရိတ်လျာထားပေမယ့် ၉၉ ထရီလီယံ ရူပီးအထိသာ အသုံးပြုဖြစ်ဖွယ်ရှိကြောင်း BGNက အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။