Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကာလုံပါဝင်ခဲ့သူတွေနဲ့ ရွေးကော်အဖွဲ့ဝင် ၂၅ဦးကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေညာ

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

စစ်ကောင်စီရဲ့ ကာလုံအဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်အုပ်စုဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ဦးနဲ့ စစ်ကောင်စီဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၅ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကိုဥပဒေ မဲ့ ခေါ်ယူခဲ့တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်တို့ကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက တာဝန်ပေးတဲ့ ကာလုံမှာ ပါဝင်ခဲ့သူ မင်းအောင်လှို် အပါအဝင် ၁၄ဦးကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ထပ်မံကြေညာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကော်အဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – စစ်ကောင်စီ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဇူလိုင် ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က တာဝန်ပေး ဖွဲ့စည်း ခဲ့သော အစိုးရအဖွဲ့အဆက်ဆက်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာလည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် အဲဒီ ကောင်စီအဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်သမားတွေအဖြစ်ထပ်မံ ကြေညာခံရတဲ့ကောင်စီဝင်တွေကတော့မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတီခွန်မြတ်၊ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦး၀ဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာ သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းပြီး ကာလုံအစည်းအဝေး အကြိမ်ကြိမ်ခေါ်ယူပြီး အရေးပေါ်ကာလသက်တမ်းတိုးတာ၊ စစ်အုပ်စုရဲ့ဝန်ကြီးအပြောင်းအလဲတွေလုပ်တာကို မကြာခဏ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ်NUGကကြေညာခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြဇံ၊ ဦးမြင့်သိန်း၊ ဒေါက်တာဘမောင်၊ ဦးကိုကိုလွင်၊ ဦးမင်းမင်းဦး၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင် စတဲ့သူတွေကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာခဲ့တာပါ။

စစ်ကောင်စီ၊ စစ်ကောင်စီက အသွင်ပြောင်းဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေအားလုံးဟာ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ် နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်တယ်ဆိုတာ ကြေညာထားပြီးဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဲဒီထဲကနေမှ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကော်မရှင် အမည်ခံအဖွဲ့အစည်းဟာဆိုရင်လည်း လုံကာကနေ သူတို့ ဖွဲ့စည်းတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လုံကာကိုလည်းပဲ အကြမ်းဖက်သမားတွေအဖြစ်ကြေညာပြီးဖြစ်လို့ လုံကာကနေ ဖွဲ့စည်းတဲ့ ဒီ UEC ကိုလည်းပဲ ဆက်လက်ပြီးတော့ အကြမ်းဖက်သမားတွေအဖြစ် ကြေညာတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်နာမည်တွေနဲ့ ထပ်မံကြေညာတာဖြစ်ပါတယ်။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နယ်မြေတွေ သို့မဟုတ် လမ်းပိုင်းတွေမှာ ဒီကြေညာထားတဲ့သူတွေကို ဖမ်းဆီးရမိပြီး NUG ဆီအပ်နှံလာပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။ ဖမ်းမိသူတွေအနေနဲ့ ထပ်မံကျူးလွန်ထားတာစစ်ဆေးတွေ့ရှိတယ်ဆိုရင်လည်း ထပ်မံ ကျူးလွန်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဦးနေဘုန်းလတ်က အသိပေးပါတယ်။

“အခုကတော့ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင် အမည်ခံအဖွဲ့မှာ ပါဝင်နေတဲ့သူတွေကို ကြေညာတာဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း တိုင်းနဲ့ပြည်နယ် ခရိုင်၊မြို့နယ်အဆင့်တွေလည်း ဆက်တိုက် ထုတ်ပြန်ကြေညာတာ အခုလိုမျိုး လူပုဂ္ဂိုလ်နာမည်တွေနဲ့ ထုတ်ပြန်ကြေညာသွားဖို့ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အခု ကြေညာထားတဲ့ အကြမ်းဖက်သမားတွေကို ဥပဒေအရအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း NUGက တိုက်တွန်းထားပါတယ်။

“ဒီထုတ်ပြန်ချက်ထဲပါသလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ပဲဖြစ်စေ ပြည်သူတွေအနေနဲ့ပဲ ဖြစ်စေ ဒီလူပုဂ္ဂိုလ်တွေကိုဖမ်းဆီးရမိတယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကိုအကြောင်းကြားပြီးဒီလူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့အရေး ကို ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းပါတယ်။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။