နိုဝင်ဘာ – ၁၀ ၊၂၀၂၆
ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နဲ့ ကလောမြို့တို့မှာမိုးကြီးလို့ ရပ်ကွက်အချို့မှာရေကြီးရေလျှံမှုတွေကြုံနေရပြီးလမ်းပိုင်းတွေမှာတောင်ပြိုကျတာဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
မနေ့( နိုဝင်ဘာလ ၉ ရက် )ညနေပိုင်းကနေစတက်ပြီး ဒီနေ့(နိုဝင်ဘာ ၁၀ ရက်) မနက်ပိုင်းအထိမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်ရပ်ကွက်တွေ၊စျေးတွေနဲ့ လမ်းတွေပေါ်ပါရေကြီးတာကိုကြုံခဲ့ရတာပါ။
ကလောမြို့ခံတစ်ဦးကပြောတာကတော့ ကလောချောင်းကတဆင့် အနိမ့်ပိုင်းရပ်ကွက်တွေရေစဝင်နေတာဖြစ်ပြီး အဲဒီရပ်ကွက်တွေဟာ မိုးကြီးရင်ရေတက်လေ့ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
ဒီနေ့ မနက်ပိုင်းမှာကလော- ရေယားလမ်းပိုင်းမှာတောင်ပြိုတာကြောင့် ကားလမ်းပေါ် မြေစာတွေလွှမ်းသွားပြီးလမ်းပိတ်သွားပေမယ့် နေ့ခင်းပိုင်းမှာတော့ လမ်းပြန်ပွင့်သွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အောင်ပန်းမြို့မှာလည်းဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မနက်ပိုင်းကစတင်ပြီး အမှတ် (၃ )ရပ်ကွက်ရှိနေအိမ်အချို့ရေမြှုပ်လာတယ်လို့ ဒေသခံတွေဆီမေးမြန်းချက်အရသိရပါတယ်။
NUG လက်အောက်ခံလူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့နိုဝင်ဘာလ ၉ ရက်ကနေနိုဝင်ဘာလ ၁၁ ရက်အထိလေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အချိန်အခါ မိုးရွာနိုင်တယ်လို့ ပါရှိပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး ၊ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တို့မှာတော့ နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့လည်းသတိပေးထားပါတယ်။




















































