Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမြို့ဆေးရုံ​ဗုံးကြဲခံရမှု လသားအရွယ်ကလေးငယ်အပါအဝင် သေဆုံးသူ ၃၃ဦးအထိတိုးလာပြီး ၈၀ နီးပါးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကို ယမန်နေ့ည က စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်သေဆုံးသူ ၃၃ဦးရှိလာပြီး ဒဏ်ရာရသူ ၈၀ နီးပါးအနက် ၂၇ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။

ဗုံးကြဲခံရမှု​ကြောင့် ဆိုးရွားစွာပျက်စီးသွားတဲ့​ဆေးရုံကို​တွေ့ရစဥ်။ ဓါတ်ပုံ-Wai Hun Aung

ဒီဇင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကို ယမန်နေ့ည က စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်သေဆုံးသူ ၃၃ဦးရှိလာပြီး ဒဏ်ရာရသူ ၈၀ နီးပါးအနက် ၂၇ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အ​ရေး​ရေးဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်ည ၉ နာရီ၁၃မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲသွားတာဖြစ်ပါတယ်။ ကနဦးသတင်းတွေမှာ ဆယ်ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော်(AA) ဘက်က ဗုဒ္ဓဟူးညမှာထုတ်ပြန်ခဲ့ပေမယ့် အခုမနက်မှာတော့ သေဆုံးသူ ၃၃ဦးအထိ တိုးလာခဲ့တာဖြစ်ပါတယ်။

“လသားအရွယ်ကလေးငယ်တွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေကစိုးရိမ်နေရတယ်။သေဆုံးသူကထပ်တိုးလာနိုင်တယ်”လို့ မြောက်ဦးဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက် ၉နာရီခန့်အထိ ရရှိထားတဲ့သတင်းအချက်အလက်အရ သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာပြင်းထန်လူ ၂၇ ဦး၊ အလတ်စား အငယ်စားဒဏ်ရာရသူ ၄၉ဦးရှိပြီး ထိခိုက်သေဆုံးသူစုစုပေါင်း ၁၀၉ ဦးအထိ ရှိနေပါတယ်။

“အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်”လို့ တိုင်းရင်းသားအရေးဆောင်ရွက်တဲ့ စာရေးဆရာဝေဟင်အောင်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။

စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရန်တွေကတော့ မြောက်ဦးမြို့ဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုမှာ AA တပ်ဖွဲ့ဝင် ၄၀ နီးပါးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရတယ် လို့ဝါဒဖြန့်ချီနေကြပါတယ်။

​​ဒေသခံ​ပြည်သူတွေက​​တော့ ထိခိုက်သေဆုံးသူအားလုံးက အရပ်သားတွေဖြစ်တယ်လို့ပြောကြပါတယ်။

​ရှေး​ဟောင်းသမိုင်း​ဝင်မြို့ဖြစ်တဲ့ ​မြောက်ဦးကို အာရက္ခတပ်​တော်က ၂၀၂၄ ​ဖေ​ဖော်ဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင် မြို့နယ်တို့ကိုပဲ သိမ်းပိုက်ထိန်းချုပ်ဖို့ ကျန်​​နေပါတယ်။ ​ကျောက််ဖြူ နဲ့ စစ်​တွေကိုလည်း AA က ၂၀၂၅ ခုနှစ်မှာသိမ်းပိုက်ဖို့ထိုးစစ်ဆင်​နေပြီဖြစ်ပါတယ်။

စစ်တပ်က AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို ပြန်ထိုးစစ်ဆင်ထိန်းချုပ်နိုင်တာမျိုးမလုပ်နိုင်ပဲ ပြည်သူ​တွေကိုဦးတည်ပြီးဗုံးကြဲသတ်ဖြတ်မှု​တွေကို မကြာခဏပြုလုပ်​နေပါတယ်။

၂၀၂၅ ခုနှစ်၊သြဂုတ်လ၂၅ ရက်ည ၁၁ နာရီကျော်မှာလည်းမြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခံတာ​ကြောင့် ဒေသခံ ၁၂ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ နှစ်အစ ဇန်နဝါရီ ၁၈ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကိုစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် AA ထိန်းသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ကလေးငယ်နဲ့ အမျိုးသမီးစုစုပေါင်း ၂၈ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့ပါ​သေးတယ်။

ဒါအပြင်၂၀၂၄ ခုနှစ်၊မတ်လ၂၁ ရက်နေ့ကလည်းမြောက်ဦးမြို့အနီးမှာရှိတဲ့ရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ကလေးလေးဦးနှင့် အမျိုးသမီးတစ်ဦး သေ

ဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့အသိပေးချက်တွေအရ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အာရက္ခဒေသနေ အရပ်သား ပြည်သူ ၁၀၀၀ ဦးခန့် သေဆုံးကာ ပြည်သူ ၂၀၀၀ ကျော် ဒဏ်ရာရရှိကာ ဖမ်းဆီးခံရသူ ၉၅၀ခန့်ရှိခဲ့ပါတယ်။ စစ်တပ်ဟာAA ရဲ့မဟာမိတ်တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်ခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း စစ်ဆင်ရေးပိုမိုပြုလုပ်လာလို့ ပြည်သူသေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်က စစ်ရာဇဝတ်မှုတွေ လက်ရဲ ဇက်ရဲဆက်လက်ကျူးလွန်နေဆဲဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုရန်ကို အရင်ထက်ပိုသတိထားဖို့၊ စစ်ရေး သတိ အပြည့်အ၀ နေ့၊ည အချိန်မရွေးရှိကြဖို့ AAက အောက်တိုဘာ လကုန်ပိုင်းမှာ ထုတ်ပြန်သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။