Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမနဲ့ခင်ပွန်း လုပ်ကြံခံရမှုဖော်ထုတ်အရေးယူပေးဖို့ ပညာရေးအသိုင်းအဝိုင်းတောင်းဆို

ပုလောမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း ဖြစ်သူ သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တနင်္သာရီတိုင်းက အခြေခံပညာပညာရေးအစုအဖွဲ့တွေက KNU နဲ့ တော်လှန်ရေးအင်အားစုတွေထံ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း တို့ကိုပညာ​ရေးမိသားစုရဲ့ စု​ပေါင်းမဟာဘုံကထိန်ပွဲမှာ​တွေ့ခဲ့ရစဥ် / အ​ခြေခံပညာ​ရေးအစုအဖွဲ့​တွေရဲ့ ထုတ်ပြန်ချက်

ဒီဇင်ဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring

ပုလောမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း ဖြစ်သူ သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တနင်္သာရီတိုင်းက အခြေခံပညာပညာရေးအစုအဖွဲ့တွေက KNU နဲ့ တော်လှန်ရေးအင်အားစုတွေထံ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဆရာမဒေါ်အေသီအောင် နဲ့ သူ့ခင်ပွန်းဟာ ပုလောမြို့နယ်၊ ဆားခဲရွာကသူတို့နေအိမ်မှာ ဒီဇင်ဘာလ၁၆ ရက်နေ့မနက်အစောပိုင်းကသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

လူ့အသက်တစ်ချောင်းချင်းစီကို တန်ဖိုးမထားဘဲ လူသားတိုင်း၏ အသက်ရှင်လုံခြုံခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ န၊ ပုလောမြို့နယ်အတွင်းရှိ KNU တပ်ရင်း နဲ့ ကဏ္ဍအလိုက်သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကို အလေးအနက် တိုက်တွန်းလိုက်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မတရားလုပ်ကြံ သတ်ဖြတ်ခံရခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ထပ်တူကြေကွဲ ဝမ်းနည်းမိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို ကော့သောင်း၊ဘုတ်ပြင်း၊တနင်္သာရီ၊မြိတ်၊ကျွန်းစု၊ပုလော၊သရက်ချောင်း၊လောင်းလုံ၊ ရေဖြူ၊ ထားဝယ်မြို့နယ်တွေက ပညာရေးဘုတ်အဖွဲ့တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဆရာဆရာမများသမဂ္ဂကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆားခဲရွာ ဟာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄)၊တပ်ရင်း(၇) ထိန်းချုပ်ဒေသဖြစ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)လည်း ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာမှာ အခုလိုဖြစ်ရပ် ဖြစ်ပွားခြင်းအတွက် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

“အဲနယ်မြေမှာနေသူတွေရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်ရော စီဒီအမ်တွေ ရဲ့ဂုဏ်သိက္ခာအတွက်ပါရှေးရှုပြီး ဒီကိစ္စလက်သည်ပေါ်ဖို့ ဝိုင်းကြိုးစားပေးစေချင်ပါတယ်”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကတောင်းဆိုထားပါတယ်။

ပညာရေးတာဝန်ခံဆရာမက အသက် ၅၀ခန့်ရှ်ိပြီး ပညာရေးဝန်ထမ်းဖြစ်တဲ့သူအမျိုးသားက အသက် ၄၀ကျော်အရွယ်ပါ။သတ်ဖြတ်ခံရတဲ့အကြောင်းရင်းနဲ့ ကျူးလွန်သူကို မသိရသေးဘဲ တော်လှန်ရေးအင်အားစုတွေက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။

ကျူးလွန်သူတွေကိုဖမ်းဆီးရမိရေးနဲ့ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖော်ထုတ်သွားမယ်လို့မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီဇင်ဘာလ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းက ကလေးငယ်တွေရဲ့ပညာရေးနဲ့ စာတတ်မြောက်ရေးအတွက် ရှေ့တန်းမှ ဦးဆောင်ကြိုးပမ်းနေတဲ့ ဆရာမကြီး ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကျူးလွန်သူတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေမျှဝေပေးဖို့အတွက်လည်းတောင်းဆိုထားပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဦးဝင်းဌေး၊ဇနီးဖြစ်သူနဲ့ သုံးလအရွယ်သမီးတို့ဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကနီမြို့ တပုန်းကျေးရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုလှုပ်ရှားမှုတွေကို ပညာရေးနယ်ပယ်နဲ့ ‌တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြပေမယ့် တရားခံကိုဖော်ထုတ်အရေးယူနိုင်ခြင်းမရှိခဲ့​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။