Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းဖို့ သမ္မတနဲ့ အတိုင်ပင်ခံ အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေး လုပ်ပေးဖို့ နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်တောင်းဆို

CRPHနဲ့ NUGကိုတရားဝင် အသိအမှတ်ပြုဖို့၊စစ်တပ် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ကို အရေးယူဖို့ တောင်းဆို

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပနေစဉ်။ ဓာတ်ပုံ - CRPH

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

မြန်မာ့အရေး လက်တွေ့ကျပြီး အမြန်ဆုံးဖြေရှင်းနိုင်ရေးအရေးအကြီးဆုံး ဦးစားပေးအဆင့်ဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်စေဖို့ တစ်ညီတစ်ညွတ်တည်း ပူးပေါင်းလုပ်ဆောင်ပေးရန် ထပ်လောင်းတောင်းဆိုကြောင်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတကာသို့ တိုက်တွန်းချက် ထုတ်ပြန်ပါတယ်။

CRPHက ဒီဇင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက်ဟာ ဒီဇင်ဘာ ၁၉ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော်က သဘောတူညီချက်နဲ့ အတည်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့ရာ (၅) နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ယနေ့အထိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း၊ လက်နက်ကြီး တို့နဲ့ တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းတာတို့ တိုးမြှင့်လုပ်ဆောင်နေလို့ မြန်မာပြည်သူသန်းပေါင်းများစွာ နေရပ် စွန့်ခွာတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့အချိန်မှာ ကမ္ဘာမှာအဆိုးရွားဆုံး ရာဇဝတ်သားတွေဖြစ်တဲ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲတွေ ဖန်တီးပြီး တရားမဝင်တဲ့ စစ်အုပ်ချုပ်ရေးအား တရားဝင်မှုရှိစေဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်တာဟာ လက်ရှိပဋိပက္ခကို ပိုမိုကြီးထွားစေမယ့်အပြင် မြန်မာပြည်သူတို့ ခံစားနေရတဲ့ အခက်အခဲအကျပ်အတည်းများ ပိုဆိုးရွားစေမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအပြင် ထွက်ပေါ်လာမည့်ရလဒ်နဲ့ ပေါ်ပေါက်လာမယ့် အတုအယောင်အစိုးရအား အသိအမှတ်မပြုခြင်းဖြင့် စစ်မှန်သောဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူလူထုနဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့လည်း နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းတောင်းဆိုထားပါတယ်။

ယနေ့ထိ မြန်မာပြည်သူများအပေါ်မှာ ဆိုးဝါးသောရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် စစ်တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားပါတယ်။

လူမဆန်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အံတုရင်း ငြိမ်းချမ်းသောအနာဂတ်အတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတို့ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ယခုထက်ပိုမိုသော ပံ့ပိုးကူညီမှု၊ အတူရပ်တည်ပေးမှုတို့ဖြင့် များစွာ ထိုက်တန်သူများဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပြီး ပြည်သူ့မျှော်လင့်ချက်တွေ ဖော်ဆောင်နိုင်ဖို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို တရားဝင်အသိအမှတ်ပြုပြီး ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်တွေထဲမှာ လာမယ့် ၂၀၂၆ ဧပြီမှာ ကျင်းပမယ့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင်မှုကို ဆက်လက်အသိအမှတ်ပြုပေးဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ အဖွဲ့ဝင်လွှတ်တော်တွေကို ထပ်လောင်းတောင်းဆိုထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၂၀၂၅ အောက်တိုဘာက ကျင်းပခဲ့တဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်ပြုကြောင်း ဆက်လက်ဆုံးဖြတ်ခဲ့မှုအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ အဖွဲ့ဝင် လွှတ်တော်များကို ကျေးဇူးတင်ရှိကြောင်း လည်း ဖော်ပြထားပါတယ်။

မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြတဲ့ နယူးဇီလန်လွှတ်တော်၊ ဥရောပပါလီမန်၊ တောင်ကိုရီးယားလွှတ်တော်၊ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံရဲ့ တရားဝင် ဥပဒေပြုအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ ယင်းအဖွဲ့အစည်းများက တာဝန်ပေးအပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ်လည်းကောင်း အသိအမှတ်ပြုပေးဖို့ ထပ်လောင်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သော နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ထွန်းရေးတို့အတွက် အကျိုးသက်ဆိုင်သူများအကြား တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် လက်တွေ့ကျသော အဖြေရှာနိုင်ရေးအတွက် ကာလရှည်ပံ့ပိုးကူညီမှုကို ပူးပေါင်းလုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနဲ့ကာလရှည်ဖြစ်တည်ခဲ့သော ပြည်တွင်းစစ်အပေါ် စစ်မှန်သောဖြေရှင်းမှုကို သေချာစေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် နည်းပညာ၊ ငွေကြေးနဲ့ နိုင်ငံရေးဆိုင်ရာ ထောက်ခံအားပေးမှုကို ပေးအပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုများ၊ အကြောင်းပြချက်မရှိ ဖမ်းဆီးနေမှုများ၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းနေမှုများကြောင့် မြန်မာပြည်တွင်းနဲ့ ပြည်ပသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ တိုးမြှင့်ပေးဖို့လည်း ထပ်လောင်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်အတွက် အကျိုးအမြတ်ဖြစ်ထွန်းနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းများအား အမြစ်ဖြတ် တိုက်ဖျက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပြီး ယုံကြည်စိတ်ချရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်မှန်သော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စု ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး တရားမျှတမှုမရှိဘူးဆိုတာ သိက္ခာရှိတဲ့ နိုင်ငံကြီးတွေက ရပ်တည်ပြသကြတာတွေ့ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ပြောပါတယ်။

သတင်း

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးတာ မလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

သတင်း

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ထုတ်ပြန်လာပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။