ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ဆန်အောင်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သား ၃ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၈)ထံ အလင်းဝင်ဘက်ပြောင်းလာကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ပါတယ်။
KNLA တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မူး(မုန်း)မြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့ခလရ(၇၅)တပ်ရင်းက တပ်သား ၃ဦးဟာ ဒီဇင်ဘာ ၂၁ရက်မှာ KNLA တပ်ရင်း(၈)ဆီကို အလင်းဝင်လာတာလို့ ဖော်ပြပါတယ်။
အလင်းဝင်လာသူတွေဟာ သူတို့ ဆန္ဒမပါဘဲ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေဖြစ်ကြောင်းလည်းအသိပေးထားပြီးလက်နက်တွေ ယူလာခြင်းရှိမရှိကို ဖော်ပြမထားပါဘူး။

Public Service Announcement
KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရဲ့ ဒီဇင်ဘာ ၁၆ရက် ထုတ်ပြန်ချက်အရ အရင်ကလည်း KNLA တပ်ရင်း(၈)ဆီကို စစ်ကေငာ်စီတပ်သား ၅ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။ခလရ(၃၀)တပ်ရင်းနဲ့ ခမရ(၄၃၉)တပ်ရင်းက စစ်ကောင်စီတပ်သား ၅ဦး အလင်းဝင်လာတာ ဖြစ်ကြောင်း ဖော်ပြထားပြီး အဲဒီ စစ်သားတွေဟာလည်း စစ်ကောင်စီတပ် အဓမ္မ စစ်သား စုဆောင်းထားတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓ္ဓမစစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲကတွေနဲ့ ဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ကြဖို့ KNUက ထပ်လောင်း နှိုးဆော်ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း လူငယ်လူရွယ်တွေကို အဓမ္မ စစ်သားစုဆောင်းပြီး စစ်မြေပြင်တွေမှာ တိုက်ပွဲဝင်ခိုင်းနေလို့ စစ်သားသစ်တွေ သေဆုံးတာ၊ ထွက်ပြေးတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ယူလာပြီးဖြစ်စေ လက်နက်မဲ့ဖြစ်စေ ပူးပေါင်းတာတွေ မကြာခဏ ရှိခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုမခံရဖို့ သတိပြုကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေက နှိုးဆော်ထားပါတယ်။

















































