Connect with us

Hi, what are you looking for?

သတင်း

နျူကလီးယား လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ တရုတ် ဗိုလ်ချုပ်ကြီး စစ်ဆေးခံနေရတာလို့ သတင်းထွက်

တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟာ အမေရိကန်ဆီ နျူကလီးယား လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟာ အမေရိကန်ဆီ နျူကလီးယား လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်ကြီး ကျန်ယုရှဟာ ကြီးလေးလှတဲ့ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ယူဆရတဲ့အတွက် စုံစမ်းစစ်ဆေးမှု ခံနေရတယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ နောက်ပိုင်းမှာတော့ ကျန်ရဲ့ ပြစ်မှုဟာ တရုတ်ရဲ့ နျူကလီးယား လက်နက်စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို ပြိုင်ဘက် အမေရိကန်ဆီ ပေါက်ကြားစေခဲ့တဲ့ ကိစ္စဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့လာခဲ့တာပါ။

ဗိုလ်ချုပ်ကြီးကျန်ဟာ အဲဒီကိစ္စအပြင် စစ်ဘက်ရာထူးကြီးတွေ ခန့်အပ်ရာမှာ လာဘ်စားပြီး ဘက်လိုက်ခဲ့တယ်လို့လည်း စွပ်စွဲ ခံထားရကြောင်း အမေရိကန်ရဲ့ Wall Street ဂျာနယ် သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ဗိုလ်ချုပ်ကြီး ကျန်နဲ့အတူ နောက်ထပ် ထိပ်တန်း စစ်ဘက် အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လျိုကျိလီကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့ပါတယ်။ စစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိနှစ်ဦးကို ကျင့်ဝတ်စည်းကမ်းကိစ္စနဲ့ စစ်ဆေးနေတယ်ဆိုတဲ့ ကိစ္စဟာ တရုတ်စစ်တပ် ထဲမှာလည်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ဘက် အရာရှိကြီး နှစ်ဦးကို ဘယ်လိုကိစ္စမျိုးနဲ့ စုံစမ်းစစ်ဆေးနေသလဲဆိုတာ တိတိကျကျ ထုတ်မပြောပေမယ့် Wall Street ဂျာနယ်က ဗိုလ်ချုပ်ကြီး ကျန်ဟာ နျူကလီးယား လက်နက်ဆိုင်ရာ သတင်းအချက်အလက်တွေ အမေရိကန်ဆီ ပေါက်ကြားစေမှု၊ လာဘ်ယူမှုတွေနဲ့ စွပ်စွဲ ခံထားရတာ ဖြစ်တယ်လို့ နီးစပ်သူ တချို့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းကို တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကျန်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အနီးကပ်ဆုံး စစ်ဘက်မဟာမိတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ကျန်ဟာ အငြိမ်းစား သတ်မှတ်ကာလကို ကျော်လွန်ပြီး တရုတ်စစ်တပ်ရဲ့ အကြီးဆုံး ရာထူးကို ဆက်လက် အပ်နှင်းခံထားရတဲ့ထိ သမ္မတရှီရဲ့ ယုံကြည်မှုကို ခံခဲ့ရပါတယ်။ ပြီးတော့ သမ္မတရှီ ဦးဆောင်နေပြီး ဩဇာကြီးမားတဲ့ ဗဟိုစစ်ရေး ကော်မတီမှာလည်း ကျန်ဟာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခဲ့တာပါ။

သူနဲ့ လျိုတို့ဟာ မနှစ်က နိုဝင်ဘာလ ကတည်းက လူမြင်ကွင်း ရှေ့ကနေ ပျောက်ကွယ်နေခဲ့ပြီး အခုမှသာ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်စစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာဖြစ်တဲ့ PLA Dailyရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ ကျန်နဲ့ လျိုတို့ဟာ သေချာပေါက် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ သဘောမျိုး စွပ်စွဲ ရေးသားထားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ အယ်ဒီတာ့ အာဘော်အရ အဲဒီပုဂ္ဂိုလ် နှစ်ဦးဟာ အာဏာရပါတီ (CCP)ရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို သစ္စာဖောက်ခဲ့တယ်လို့ ဖော်ပြထားတာကြောင့်ပါ။

ကျန်နဲ့လျှိုကို ဝင်ဖမ်းချိန် ဘေဂျင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေပြီး သီးခြားတော့ အတည်မပြုနိုင်ပါဘူး။ တရုတ်နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေကတော့ လက်ရှိ ပြဿနာဟာ တရုတ်စစ်တပ်အတွက် ခေါင်းဆောင်မှု ကင်းမဲ့စေပြီး ဘေးကျပ်နံကျပ် အခြေအနေတစ်ခုဆီ ကျရောက်နေစေကြောင်း သုံးသပ်နေကြပါတယ်။

CCP မနှစ်က အောက်တိုဘာလတုန်းကလည်း အဂတိ စွပ်စွဲချက်တွေနဲ့ တရုတ်စစ်တပ် ဗိုလ်ချုပ် ၈ ဦးကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ပါတီဝင် အဖြစ်ကနေလည်း ဖယ်ရှားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း တရုတ်စစ်တပ်ရဲ့ စစ်လက်နက်တွေ ဖြည့်တင်းဝယ်ယူမှုကို ပိုမို စိစစ် ကြပ်မတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လက်နက်ဝယ်တဲ့ ကိစ္စမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်လာခဲ့သလို ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်းကြီး တချို့ကိုလည်း ငွေကြေးအရ နစ်နာမှုတွေ ကြုံလာစေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။