ဇန်နဝါရီ-၂၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ဧရာဝတီတိုင်းနဲ့ ထိစပ်ဒေသအချို့မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ တိုင်းအတွင်းက မြို့နယ်အချို့မှာ ခြိမ်းခြောက်ပျံသန်းနေပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၂၆ရက်နဲ့ ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ မြို့တွေပေါ်ကနေ ဂျက်ဖိုက်တာ ၁၅ကြိမ်ထက်မနည်း ပျံသန်းသွားတယ်လို့ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့က ဒေသခံတွေက ပြောပါတယ်။ အဲဒါက ၂၀၂၄ နောက်ပိုင်း အကြိမ်ရေအများဆုံး ခြိမ်းခြောက်ပျံသန်းနေတာ ဖြစ်ပါတယ်။
” တစ်စီးပြီးတစ်စီး ဖြတ်နေတာ။ တစ်ခါတလေ မိနစ်ပိုင်းပဲချတယ်။ ၂ရက်အတွင်း ၁၅ ခါမကဘူး။ တိုက်ပွဲတွေက လေးမျက်နှာဘက်မှာ ဖြစ်နေတယ်။ နောက်ပြီး ပဲခူးတိုင်းဘက်အခြမ်းမှာလည်း ချနေတယ်လို့ ကြားတယ်။ ဂျက်ဖိုက်တာတွေက ဗုံးသွားကြဲတာဖြစ်နိုင်သလို တမင်သက်သက်ခြိမ်းခြောက်ချင်လို့ ပျံနေတာလည်း ဖြစ်နိုင်တယ်” လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်သလို ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်တာပါ။ ဧရာဝတီတိုင်းမှာ လေးမျက်နှာမြို့နယ်က စစ်ရေးအရှိန် အပြင်းထန်ဆုံးဖြစ်နေပြီး ယခုရက်ပိုင်း ပိုမိုပြင်းထန်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
” စစ်ဘေးရှောင်တယ်အများကြီး ထပ်ရောက်လာတယ်။ ဒီကပြဿနာက စစ်ကောင်စီကလေကြောင်းကနေပစ်တာ။ အခုဆို ဘုန်းကြီးကျောင်းတွေမှာလည်းနေရာမလောက်တော့ဘူး။ အိမ်ထဲမငှားနိုင်ကြတဲ့အခါ ဘုန်းကြီးကျောင်းတွေပဲလိုက်ရှာနေကြတာ” လို့ ငါးသိုင်းချောင်းမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
ငါးသိုင်းချောင်းမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ဆက်စပ်သလို လေးမျက်နှာမြို့နယ်နဲ့လည်းနီးပါတယ်။
ဒေသချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်က လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေပါတယ်။
၂၀၂၄ ဒီဇင်ဘာမှာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းယူပြီးတဲ့နောက် ဒေသချင်းထိစပ်နေတဲ့ ရွှေသောင်ယံမြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ပထမဆုံးဖြစ်တဲ့တိုက်ပွဲတွေပါ။
လအနည်းငယ်အကြာမှာ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေချိန် စစ်ကောင်စီက ဧရာဝတီတိုင်းထဲကမြို့နယ်အချို့မှာ တိုက်လေယာဉ်တွေ အနိမ့်ပျံပြီးခြိမ်းခြောက်ပျံသန်းတာတွေ လုပ်ခဲ့ပါတယ်။
လေးမျက်နှာမြို့နယ်ရဲ့ ပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ကွင်းကောက်၊ ဟင်္သာတ၊ မြန်အောင်မြို့တွေအပြင် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကြားက မြို့နယ်အချို့မှာလည်း စစ်ကောင်စီက စပိုင်ဘောလုံးတွေနဲ့ ကင်းထောက်နေပါတယ်။ မနေ့ကနဲ့ ဒီနေ့မှာတော့ စစ်ကောင်စီက ဂျက်ဖိုက်တာတွေ မကြာခဏပျံသန်းနေတာ ဖြစ်ပါတယ်။
“တိုက်ပွဲမဖြစ်တဲ့ မြို့တွေလည်းစိတ်ချနေလို့မရဘူး။ ဒီကောင်တွေကလုပ်ချင်တာလုပ်မှာ” လို့ ဓနုဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

















































