ဖေဖော်ဝါရီ-၉ ၊၂၀၂၆။ဇော်ဝင်း /People’s Spring
ကရင်နီပြည်နယ်မှာ တစ်ခုတည်းရှိတဲ့ ကရင်နီ တပ်မတော်(UKSA)ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့စစ်ရေးချုပ်ခူးရီးဒူက ပြောပါတယ်။
စည်းလုံးညီညွတ်သော ကရင်နီ တပ်မတော် ( UKSA)ဟာ ကရင်နီပြည်နယ် အရပ်သားအစိုးရရဲ့လက်အောက်မှာရှိမှာဖြစ်တယ်လို့ ရတနာအားမာန်ကမ်ပိန်း အစီအစဥ်ကနေတဆင့် ဖေဖော်ဝါရီ ၇ ရက်က အသိပေးပါတယ်။
၂၀၂၁စစ်တပ်အာဏာမသိမ်းမီက ပြည်နယ်တွင်း ရှိခဲ့တဲ့ လက််နက်ကိုင် တပ်တွေနဲ့ ၂၀၂၁ နောက်ပိုင်းပေါ်လာတဲ့ တပ်တွေက စည်းလုံးညီညွှတ်မှုကို အစွမ်းကုန်တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
“ကရင်နီရဲ့ ပြဿနာသည် နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက လကနက်ကိုင်အများကြီးရှိထားတဲ့ ပြည်နယ်ဖြစ်တယ်။လက်နက်ကိုင်အများကြီးရှိတဲ့ ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာ စည်းလုံးညီညွတ်မှုကို အစွမ်းကုန်တည်ဆောက်နေတယ်။စစ်ကောင်စီကိုပြန်ပြီးတော်လှန်တဲ့နေရာမှာ ကျွန်တော်တို့စည်းလုံးညီညွတ်မှုမရှိရင် ကျွန်တော်တို့ အောင်မြင်မှုမရှိနိုင်ဘူး။ဒါကို တထစ်ချယုံကြည်တယ်။ယုံကြည်တဲ့အတွက်ကြောင့်မလို့ လက်ရှိကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်ဖြစ်ရေး ကြိုးစားနေတယ်။ဒါကတော့ UKSA ပါ။United Karenni State Army ပါ။စည်းလုံးညီညွတ်သော ကရင်နီတပ်မတော်ဖြစ်ရေး ကျွန်တောိတို့ ကြိုးစားနေတယ်”လို့ ခူးရီးဒူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို အခုထက်ပိုပြီး ရှေ့တဆင့်တိုး တိုက်ခိုက်နိုင်ဖို့ကြိုးစားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကရင်နီပြည်နယ်မှာ အစိုးရတစ်ရပ်တည်းနဲ့ကာကွယ်ရေးတပ်တစ်ခုတည်းဖြစ်ဖို့ ကရင်နီအစုအဖွဲ့တွေက မကြာသေးမီရက်ပိုင်းတွေက တိုက်တွန်းကြေညာထားပါတယ်။
“တော်လှန်ရေးကာလ မရှည်ကြာစေဖို့ပါ။တော် လှန်ရေးက ကြာနိုင်တယ်ဆိုပေမဲ့ စုစည်းညီညွတ်မှုရှိရင် အင်အားလည်း ပိုကြီးမယ်။ ခုခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ ပိုထိရောက်မယ်။ စစ်ရေးလိုအပ်ချက်တွေအတွက်လည်း ပိုပြီးပြည့်စုံလာနိုင်တယ်။ ပြည်သူတွေကို ကာကွယ်မှုပိုပေးနိုင်မယ်လို့ ယုံကြည်တယ်။စုစည်းညီညွတ်ရင် တော်လှန်ရေး အချိန်မြန်မြန် ပြီးနိုင်ပါမယ်”လို့ KSCSC-CDM ကောင်စီရဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ရဲ့အုပ်ချုပ်မှုနဲ့ စစ်ရေးဆိုင်ရာ ဖွဲ့စည်းမှုတွေအရ စစ်တပ်အာဏာသိမ်းခဲ့လို့ ၂၀၂၀ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို KNPP(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) က ဖွဲ့စည်းခဲ့ပါတယ်။
KSCCကနေ ပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင် အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ဟာ KSCCက အကောင်အထည်ဖော်ထားတဲ့အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။
ပြည်နယ်ရဲ့စစ်ရေးကဏ္ဍမှာ ကရင်နီစစ်ဦးစီးကော် မတီ (JCS)က ဦးစီးနေပေမယ့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။
IEC ကရရှိတဲ့ အခွန်ငွေတွေကို JCS အောက်မှာရှိတဲ့ တပ်ဖွဲ့တစ်ခုချင်းအလိုက်ကို ကာကွယ်ရေးအသုံး စရိတ်အနေနဲ့ ခွဲတမ်းပေးနေရတယ်လို့ သိရပါတယ်။
စစ်ဦးစီးကော်မတီ(JCS)ထဲမှာ ကရင်နီပြည်တပ် မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုး သားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDPနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။
စစ်ဘက်စစ်တမ်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့နှစ် အောက်တိုဘာနောက်ဆုံးပတ်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပါတယ်။
ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။


















































