ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မြေပြင်အချို့ကနေ ဆုတ်ခွာရတာတွေဟာ ရဲဘော်တွေရဲ့ အသက်ဘေးအတွက် ထိပ်တိုက်မတွေ့ဘဲစစ်ရေး ပရိယာယ်နဲ့ စစ်ဗျူဟာအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၅ရက်မှာ ကျင်းပတဲ့ ရတနာ့အားမာန် Lucky Draw မဲဖွင့်ပွဲနဲ့ ကမ်ပိန်းပိတ်ပွဲ အခမ်းအနားမှာ စစ်ရေးအခြေအနေတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး ခွန်းဘီထူးက အခုလို ပြောကြားခဲ့ပါတယ်။
လက်နက်တွေမရှိဘဲနဲ့ တူမီးသေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးဟာအခုဆိုရင် တရုတ်၊ ရုရှားစတဲ့ နိုင်ငံတကာ ထောက်ပံ့မှုရနေတဲ့ စစ်ကောင်စီနဲ့ အပြန်အလှန်နေတဲ့ စစ်ပွဲထဲကို ရောက်နေကြောင်း ပြောကာ တော်လှန်ရေးဟာ နိုင်နေဆဲဖြစ်ကြောင်း ပြောပါတယ်။ တိုင်းပြည်ရဲ့အာဏာကို မရရတဲ့နည်းနဲ့ ရယူလိုတဲ့အာဏာရှင်နဲ့ ပြည်သူတွေကြားမှာ ပြင်းထန်တဲ့ စစ်ပွဲတပွဲကို သွားနေတယ်ဆိုတာ ဖော်ပြနေတာဖြစ်တယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement
စစ်အာဏာရှင်ဟာ ရွေးကောက်ပွဲဟန်ပြလုပ်နေသလို ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေပေမယ့် သူ့ရည်ရွယ်ချက်တွေမအောင်မြင်ကြောင်းလည်း ပြောပါတယ်။ တဖက်မှာ တော်လှန်ပြည်သူတွေဟာ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဖို့ဆိုတဲ့ ကြွေးကြော်မှုအတိုင်း ပြန်ယူဖို့ ကြိုးစားနေတယ်လို့ ခွန်းဘီထူးကပြောပါတယ်။
တချို့သော စစ်မြေပြင်နေရာတွေ ဥပမာ ရှမ်းမြောက်ဘက် စစ်နားတာ၊ တချို့ ဆုတ်ရတာ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးဘက် ဆုတ်ခွာရတာ ၊ ကရင်နဲ့ ကရင်နီဘက် ဆုတ်ခွာရတာရှိသလို စစ်ကောင်စီကို အလုံးစုံရှင်းထုတ်ပြီးမှ တိုက်ယူဖို့ ကြိုးစားနေတာလည်းအများကြီးတွေ့ရကြောင်း ခွန်းဘီထူးက ပြောပါတယ်။
တော်လှန်ရေးအရှိန် ကောင်းနေပေမယ့် အချို့နေရာတွေမှာ စစ်ရေးပရိယာယ်အရတက်လိုက်ဆုတ်လိုက်လုပ်ရတာဖြစ်ကြောင်းလည်း ပြောပြပါတယ်။
“ဘာဖြစ်လို့လည်းဆိုတော့ ထိပ်တိုက်တွေ့ပြီးနှစ်ဖက်တိုက်တဲ့ဟာထက်စာရင် ကျနော်တို့က ပြည်သူတွေ ကျနော်တို့ ရဲဘော်တွေ အသက်ဆုံးရှုံးမယ့်အစား အချို့ မြေပြင်တွေ ကို ဆုတ်ပေးလိုက်ရတဲ့ အခြေအနေတွေ ပြည်သူတွေ ကြားရပါလိမ့်မယ် ။ ဒီဟာတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ စစ်ရေးပရိယာယ်တခုအနေနဲ့ စစ်ရေးအတွက် ဒါ တက်လိုက်ဆုတ်လိုက်ရတဲ့ စစ်ဗျူဟာ တခုအနေနဲ့ နားလည်ပေးပြီးမှ ကျနော်တို့ရဲ့ဆုံးရှုံးသွားတဲ့ နေရာတွေကို တော်လှန်ရေးဆုံးရှုံးသွားပြီဆိုတဲ့ အမြင်မျိုးနဲ့ မမြင်မိဖို့ ရောမချမိဖို့လိုတယ်။” လို့ KNDF ဥက္ကဋ္ဌက ပြောပါတယ်။
တော်လှန်ရေးဟာ ဗျူဟာတခု အနေနဲ့ ပြန်ပြီးမှ ရှင်သန်ရမှာ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။
တော်လှန်ရေးဟာ အခက်အခဲတွေ ရင်ဆိုင်နေရတာကိုလည်း ရှင်းပြပါတယ်။ အာဏာရှင်ကို ဖြိုချဖို့ဆိုတာ ဘယ်မှာ မှမလွယ်ကူကြောင်း ပြောပါတယ်။ တော်လှန်ရေးဟာ အရမ်းခက်ခဲတဲ့ အခြေအနေ ရောက်နေကြောင်း ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာ ၊ ပြည်သူ ဗုံးဒဏ်ခံနေရတာ စတဲ့ ဖြစ်ရပ်တွေကို ဥပမာပေးပါတယ်။
ဒါပေမဲ့ တော်လှန်ရေးဟာ အခက်အခဲကြားမှာ နည်းပေါင်းစုံနဲ့ ရှင်သန်နေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ ခက်ခဲတဲ့ အရာတွေထဲမှာ ဆက်လက်ကျော်လွှားရမယ့် အရာတွေက ညီညွတ်မှု အပါအဝင် အခက်အခဲ သုံးရပ်ရှိတယ်လို့ ပြောပါတယ်။
“ဒီညီညွတ်မှု အခက်အခဲကို ကျော်လွှားဖို့လိုတယ်။ ဘဏ္ဍာရေးအခက်အခဲကို ကျော်လွှားဖို့လိုတယ်။ နည်းပညာ အခက်အခဲကို ကျော်လွှားနိုင်ရင်တော့ ဒီနေ့တော်လှန်ရေးကို အောင်မြင်အောင် ဆက်သွားနိုင် ပါလိမ့်မယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
ပထမဆုံး ပြောလိုတဲ့ ညီညွတ်မှုက ခေါင်းဆောင်ပိုင်း မှာညီညွတ်မှုကို ပြဿဖို့ အင်မတန်လိုအပ်ကြောင်း ပြောပါတယ်။ မြောက်ပိုင်းအဖွဲ့ဖြစ်ဖြစ် အာရက္ခတပ်တော်(AA) ဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာမှန်ပေမယ့် ညီညွတ်မှုကို ပြသတဲ့နေရာမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ပြောပါတယ်။
“ NUGက တော်လှန်ပြည်သူတွေကို ဦးဆောင်နေတဲ့ အစိုးရ တရပ်အနေနဲ့ ရှိပေမယ့် NUGနဲ့ အတူတူ ကျနော်တို့ရဲ့ ညီညွတ်မှုကို ပြသဖို့ လိုအပ်နေသေးတဲ့ အခြေအနေမျိုးဖြစ်တယ်ကျနော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေပေါ့နော် ဒါအဖွဲ့အစည်းပေါင်းစုံ လာတက်ကြတယ် ဆွေးနွေးကြတယ် ကျနော်တို့က ပြည်သူတွေကို ရှင်းလင်းတဲ့ ဦးဆောင်မှုကို ပြရမယ့် ညီညွတ်မှုမျိုး ကျနော်တို့ရဲ့ တော်လှန်ရေးက တစိတ်တဝမ်းတည်း ရှိနေတယ်ဆိုတာ ပြသရမယ့်အချိန်မျိုး နိုင်ငံတကာက မြင်ချင်နေတဲ ညီညွတ်မှုကို ပြရမယ့် အချိန်မျိုးမှာ ဒါတွေကို ပျက်ကွက်နေတာဖြစ်တယ်။ ဒါကလည်း ခက်ခဲမှု တခုဖြစ်ပါတယ်” လို့ KNDF ဥက္ကဋ္ဌက ပြောပါတယ်။
နိုင်ငံရဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ အားလုံးက ညီညွတ်မှုအတွက် အဆက်မပြတ် ကြိုးစားတည်ဆောက်နေတာဖြစ်ပြီး ညီညွတ်မှုဟာ မဖြစ်မနေလိုအပ်တဲ့ဟာဖြစ်ကြောင်း ပြောပါတယ်။
“ဒါကြောင့်မို့လို့ တော်လှန်ရေးကို ဆက်ပြီးမှ ဦးဆောင်နိုင်ဖို့အတွက် အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ညီညွတ်မှုတွေကို အတူတူ ဆက်ပြီးမှ ပြကြရအောင်ပေါ့”လို့ ခွန်းဘီထူးက တိုက်တွန်းပါတယ်။
ညီညွတ်မှုအပြင် တော်လှန်ရေး ရန်ပုံငွေဟာလည်း ဒုတိယ အခက်အခဲဖြစ်တယ်လို့ ပြောပြပါတယ်။
ရဲဘော်တွေ စားဝတ်နေရေးကိစ္စ၊ ရဲဘော်တွေက စစ်တိုက်ချင်တယ် ပေးဆပ်ချင်ပေမယ့် လက်နက်ခဲယမ်းအခက်အခဲရှိလာသလို မိသားစုကို မကြည့်နိုင်တဲ့ အခြေအနေကာလရှည် ကြုံရလို့ စတဲ့ အဲဒီလို အခြေအနေတွေမှာ ရဲဘော်အချို့ဟာ လိုအပ်ချက်အရ နားလိုက်ရတာတွေ တွေ့ရကြောင်း ပြောပြပါတယ်။
“ဒီအခက်အခဲကိုလည်း ကျော်လွှားကြရအောင် ။ ဒါကလည်း အမှန်တရားတခုဖြစ်ပါတယ်။ ဒီအမှန်တရားကို မရင်ဆိုင်ရဲဘူး မရင်ဆိုင်တက်ဘူးဆိုရင် အခက်အခဲကို ရှုံးနိမ့်သွားပြီးမှ ရန်ပုံငွေ ပြဿနာကြောင့် တော်လှန်ရေးရှုံးသွားတာ မဖြစ်ရလေအောင် ဆက်ပြီးမှ တောင့်ခံဖို့လိုတယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
ပြည်သူတွေ ရဲဘော်တွေ တဦးချင်းက ထည့်ဝင်တဲ့ ထည့်ဝင်မှုတွေဟာ အင်မတန်ကြီးမားတဲ့ ရန်ပုံငွေ ပမာဏ ဖြစ်တယ်လို့ ပြောပြပါတယ်။ ပြည်တွင်းက ရနေတဲ့ ရန်ပုံငွေ ပြည်သူက ထည့်ဝင်တာ အခွန်ငွေက ရတာ စတာနဲ့ တော်လှန်ရေးကို ဆက်ရှင်သန်နိုင်အောင် ကြိုးစားနေရကြောင်း အသိပေးပါတယ်။ နိုင်ငံတကာရောက် ပြည်သူတွေက ထည့်ဝင်မှု ကလည်း ကြီးများကြောင်း အသိပေးပါတယ်။
“စစ်ကောင်စီကျတော့ သူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေက သူတို့ကို ကူညီပေးပါတယ်။ တရုတ်လိုမျိုး၊ ရုရှားလိုမျိုးက ရက်ရက်ရောရောကူညီပေးတယ်။ သူတို့ကလည်း တိုင်းပြည်ကို ရက်ရက်ရောရော ရောင်းစားလိုက်တယ်ပေါ့နော်။ ရတဲ့ သယံဇာတတွေ ရတဲ့ အရာတွေအားလုံးက ဒီအာဏာရှင် နိုင်ငံတွေက ပေါင်းစပ်ပြီးမှ လုပ်ကြတယ်။ ကျနော်တို့ ပြည်သူတွေ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကျတော့ ကူမယ့်သူမရှိပါဘူး။ ကျနော်တို့ကို ဘယ်နိုင်ငံကမှ မကူသလို ကျနော်တို့ အခက်အခဲကို စာနာတာက လွဲလို့ စတိတ်မန့်လေးထွက်ပေးတာက လွဲလို့ ဒီနေ့ ဒီအချိန်ထိ ကူပေးတဲ့သူ ဒီနေ့ဒီအချိန်ထိ မရှိပါဘူး။” လို့ KNDF ဥက္ကဋ္ဌက ပြောပါတယ်။
ဒီအခြေအနေကြားက ကျည်ရှာ တောင့်ခံပေမယ့် နည်းပညာ ရောက်လာတဲ့အခါ နောက်တဆင့် တက်ဖို့ လိုနေကြောင်း၊ နည်းပညာတွေရှာဖွေနေကြောင်းခွန်းဘီထူးက ဒရုန်းတိုက်ပွဲတွေကို ရင်ဆိုင်ဖို့ လိုအပ်မှုကို ပြောပါတယ်။
ပြည်သူတွေ ဘာကို မျှော်လင့်ရမလဲ မေးရင် အထူးသဖြင့် ခေါင်းဆောင်မှုတွေ ခိုင်မာပြတ်သားတဲ့ တော်လှန်ရေးပိုင်းဖြတ်မှုတွေကို မျှော်လင့်နိုင်ကြောင်း၊ မကြာခဏမှာ ပိုကောင်းတဲ့ နိုင်ငံရေးပလက်ဖောင်းတခု ပိုကောင်းတဲ့ စစ်ရေး အခြေအနေတခုကို ရအောင် သွားနိုင်ဖို့ မြင်ရကြောင်း KNDF ဥက္ကဋ္ဌက ပြောပါတယ်။


















































