Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲ ဖမ်းဆီးထောင်ချထားတဲ့လူ ၇,၀၀၀ ကျော်ကို စစ်ကောင်စီလွှတ်ပေး

ဖမ်းဆီး​​ထောင်ချခံထားရဆဲ နိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ​နေဆဲ

မတ် – ၂ ၊၂၀၂၆ ၊ ရောင်နီ၊​ဇေ​အောင်/People’s Spring

ဒီနေ့ (မတ်လ ၂ရက်) မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်း အမှတ်အဖြစ် အကြမ်းဖက်ပုဒ်မ တွေနဲ့ ဖမ်းဆီးထောင်ချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၇,၀၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်ရှေ့မှာပြန်လည်လွတ်မြောက်လာမယ့်သူတွေကိုလာရောက်ကြိုဆိုသူတွေ တဖြည်းဖြည်းများလာနေပြီး ဒီမနက် ၁၀ နာရီခွဲခန့်မှာ မီနီဘတ်စ် ကား ၆ စီးခန့် အကျဉ်းထောင်ထဲ ဝင်သွားတာတွေ့ရပါတယ်။

အဲဒီကားတွေဟာ လွတ်မြောက်လာမယ့် အကျဉ်းသားတွေကို ခေါ်ဆောင်လာမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) တို့နဲ့ ထောင်ချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းပေးမယ်လို့စစ်ကောင်စီကဆိုပါတယ်။

အဲဒီပုဒ်မတွေဟာ စစ်ကောင်စီကို ပုန်ကန်ဆန့်ကျင်သူတွေ ၊ လက်နက်စွဲကိုင်တော်လှန်သူတွေ ကိုဖမ်းမိရင် ထောင်ချရာမှာ အသုံးပြုတဲ့ပုဒ်မတွေဖြစ်ပါတယ်။

NUG ၊ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို အားပေးထောက်ခံတယ်ဆိုပြီး ဖမ်းခံရသူတွေကိုလည်း ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) နဲ့ တရားစွဲပြီး ထောင်ချတာတွေလည်းရှိခဲ့ပါတယ်။

ဒါအပြင် တော်လှန်ရေးအဖွဲ့တွေကို ငွေလှုတာ ၊ ဖေ့ဘွတ်ခ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပို့စ်တွေကို ရေးသားတာ ၊ မျှဝေတာအပြင် Like လုပ်တာ ၊ မှတ်ချက်ဝင်ရေးတဲ့သူတွေကိုပါ အဲဒီပုဒ်မတွေသုံးပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတာပါ။

ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း ထိ ချနိုင်သလို ၊ ပုဒ်မ ၅၂​(က) ကလည်း အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ထိ ချနိုင်တာလည်းဖြစ်ပါတယ်။

ဒီနေ့ စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ ပုဒ်မ ၅၀ (ည) ၊ပုဒ်မ ၅၂​(က) တို့နဲ့ အမှု ဖွင့်ခံရသူတွေအတွက် ကြားနာဆဲ အမှု ၉, ၅၃၂ မှုကို ပိတ်သိမ်းပေးလိုက်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

“စစ်ကောင်စီဟာ တောင်သူလယ်သမားနေ့ကို အကြောင်းပြပြီး လွှတ်သော်လည်းပဲ မကြာခင်မှာ စစ်တပ်ဘက်ကနေဦးဆောင်ပြီးမှဖွဲ့စည်းမယ့် အစိုးရတစ်ရပ်မတိုင်ခင်မှာ ပြည်သူလူထုရဲ့ အမြင်သဘောထား၊ နိုင်ငံတကာရဲ့ အမြင်သဘောထား (အပြုသဘောဆောင်တဲ့ သဘောထား)ရရှိဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ ထင်တယ်။ ဒီဧပြီလတွေဆိုရင်လည်း အစိုးရသစ်တစ်ရပ် တက်လာတာကို အကြောင်းပြပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထပ်ပေးတာမျိုးတွေလည်း သူတို့ ဆက်လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်ခင်ဗျာ။ သို့သော်ငြားလည်းပဲ အကျဥ်းထောင်တွေထဲမှာ ပုဒ်မများစွာနဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံ

ရေးအကျဥ်းသားတွေ များစွာကျန်ရှိနေတယ်။ လွတ်လာရသူတွေအတွက် ဝမ်းသာရသလို ကျန်ရှိနေတဲ့သူတွေအတွက် ကျွန်တော်တို့ဆက်ပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP) စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမတရားဖမ်းဆီး​ထောင်ချခံရတဲ့ပြည်သူသုံး​​သောင်း​ကျော်ရှိပြီး ၊ဖမ်းဆီးထိန်းသိမ်းခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ရှိပါတယ်။ နိုင်ငံ​ရေးအကျဥ်းသား​တွေထဲက ၁၇၄ ​ယောက်ကို စစ်တပ်က​သေဒဏ်​ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရသူ​တွေထဲမှာ အမျိုးသမီး ၆၃၀၀ ​​ကျော် ၊က​လေးငယ် ၆၃၀ ​ကျော်ပါဝင်ပါတယ်။

ဓာတ်ပုံ – People’s Spring

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။