Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေထဲကို အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာပြီး လူသေဆုံးမှုနဲ့အဆောက် အဦးတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။

မတ် – ၁၀ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေထဲကို အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာပြီး လူသေဆုံးမှုနဲ့အဆောက် အဦးတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။

မတ်လ ၇ ရက်က ဖာပွန်ခရိုင်​၊ ဒွယ်လိုးမြို့နယ်၊ ကျောက်တောင်ကျေးရွာအုပ်စု၊ နော်ဝီထာကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့အဆောက် အဦးသုံးလုံး ထိခိုက်ပျက်စီးသွားပါတယ်။

ဒါပေမယ့် လူထိခိုက်မှုမရှိဘူးလို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ရက် မတ်လ ၈ ရက် ၊ညနက်ပိုင်း ၁၁ နာရီအချိန်မှာတော့ ဒွယ်လိုးမြို့နယ်ထဲကပဲ မယ်ကော်လော်ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲရာမှာ အိမ်နှစ်လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး မိသားစုတစ်စု လည်း ထိခိုက်သေဆုံး မှု ရှိတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

“မိသားစုတစ်စုပေါ့လေ၊ ထိခိုက်ဒဏ်ရာရရှိပြီးတော့ သေဆုံးတာတွေရှိတယ်ပေါ့”လို့ သူက ဆိုပါတယ်။

မိခင်ဖြစ်သူသေဆုံးပြီး အမျိုးသားနဲ့ ၂နှစ်အရွယ် သားဖြစ်သူလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုရဲ့ပြောကြားချက်အရသိရပါတယ်။

မယ်ကော်လော်ကျေးရွာထဲ စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးရတာတွေကို ကရင်အမျိုးသမီးအစည်းအရုံး (KWO)က လည်း မှတ်တမ်းပုံတွေနဲ့တကွ မတ်လ ၉ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ (မတ်လ ၉)ရက်နေ့ နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ သေးမူဒဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာထဲကို လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ဘုရားကျောင်းတစ်ကျောင်းနဲ့ ဆန်အိတ်တွေ ထိခိုက်ပျက်စီးသွားခဲ့သလို ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကာ ငါး ဦး ဒဏ်ရာရရှိတယ်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အခြေအနေကတော့ တဖြည်းဖြည်းပေါ့လေ သူတို့(စစ်တပ်)ပိုပြီးတော့ လေကြောင်းသုံးစွဲမှုပေါ့၊ ပိုပြီးတော့များလာတာပေါ့” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုကပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကလည်း ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်နေတယ်လို့ မတ်လ(၉)ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။

လက်ရှိ KNU-ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကာ ဖာပွန်ဗျူဟာ တိုက်ခိုက်မခံရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ နေ့စဉ် လာရောက်ပစ်ကူပေးနေသလို ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကိုလည်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

ဖာပွန်ခရိုင်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ့ရပုံ

ဓာတ်ပုံ – KWO

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။