မတ်-၁၄၊၂၀၂၆။People’s Spring
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခဟာ မြန်မာ့ ရှိရင်းစွဲ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်းမြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။
AFP သတင်းဌာနနဲ့ အခုသီတင်းပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ တွမ်အဒန်ရူးစ်က မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေက အထူးစိုးရိမ်စရာ အဆင့်မှာ ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အီရန်စစ်ပွဲကို အကြောင်းပြုပြီး မြန်မာ့ အကျပ်အတည်းကို ပိုဆိုးသွားစေမယ့်ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်ကြောင်းသူက ထောက်ပြခဲ့ပါတယ်။
အာဏာသိမ်း ကာလ ၅ နှစ်ကျော်လာချိန်အထိ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ပစ်မှတ်ထား တိုက်ခိုက်မှု၊ ဖိနှိပ်မှုတွေတွေ လျော့ပါးမသွားခဲ့ဘူးလို့ အန်ဒရူးစ်က ဆိုပါတယ်။ အီရန်မှာ စစ်ပွဲ ဖြစ်ပွားလာတဲ့နောက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုက ပိုပြီး လျော့ကျသွားနိုင်တယ်လို့ အန်ဒရူးစ်က ပြောပါတယ်။

Public Service Announcement
ကိစ္စတွေက ဆိုးရွားနေပြီးသား ဖြစ်ပေမယ့် ပိုဆိုးလာနိုင်တယ်လို့ အမေရိကန် လွှတ်တော် အမတ်ဟောင်း တစ်ဦးဖြစ်ပြီး လောလောဆယ်မှာ ဟားဗက်တက္ကသိုလ်ရဲ့ လူ့အခွင့်အရေး ပရောဂျက်ကို ဦးဆောင်နေတဲ့ အန်ဒရူးစ်က AFPဆီ မှတ်ချက်ပေးခဲ့ပါတယ်။
အန်ဒရူးစ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်မှုအတွက် အထူးအလေးပေး ဆွေးနွေးသွားတဲ့ ကဏ္ဍတစ်ခုကတော့ နိုင်ငံတကာ လူသားချင်း စာနာမှု အထောက်အပံ့တွေ လျော့ကျလာခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်မှာ စစ်ပွဲ စတင် ဖြစ်ပွားမလာခင် ကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာမှုရန်ပုံငွေ အထောက်အပံ့တွေ လျော့ကျနေခဲ့ပြီး အဲဒီဒဏ်ကို တခြားနိုင်ငံတွေနည်းတူ မြန်မာမှာလည်း သက်ရောက် ခံစားခဲ့ရပါတယ်။ ရန်ပုံငွေ ခွဲတမ်းတွေက လျော့သွားပေမယ့် အဲဒီ အကူအညီတွေကို မြန်မာနိုင်ငံက လိုအပ်တဲ့ အခြေအနေကတော့ ကြီးထွားလာခဲ့ကြောင်း အန်ဒရူးစ်က ပြောပါတယ်။
နိုင်ငံတကာရဲ့ အာရုံစိုက်မှုက အရှေ့အလယ်ပိုင်းဆီ ရွေ့သွားတဲ့အခါ မြန်မာလို နိုင်ငံမျိုးတွေဟာ ပိုပြီး မျက်ကွယ်ပြုခံရပြီး အထောက်အပံ့ရရှိနိုင်ခြေတွေ နည်းသထက် နည်းသွားနိုင်တယ်လို့လည်း အန်ဒရူးစ်က သတိပေးခဲ့ပါတယ်။
ပြီးတော့ အာဏာသိမ်း စစ်တပ်ကို ရှိသမျှ အစွမ်းနဲ့ တွန်းလှန်နေကြတဲ့ မြန်မာ ပြည်သူတွေအပေါ် နိုင်ငံတကာအားပေးထောက်ခံမှုတွေကလည်းဖြည်းဖြည်း ဆုတ်ယုတ် ပါးလျလာနေကြောင်း သူက ဆိုပါတယ်။ ဒီအခြေအနေက ဝမ်းနည်းစရာဖြစ်တယ်လို့ အန်ဒရူးစ်ကမှတ်ချက်ပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ကုလသမဂ္ဂ အနေနဲ့ နိုင်ငံတကာ အရေးအခင်းကြီးတွေမှာ ဝင်ရောက် ဖြေရှင်းဖို့ ကန့်သတ်ချက်တွေ အရမ်းများနေတယ်ဆိုတဲ့ အယူအဆကို ပိုပြီး အားကောင်းလာစေခဲ့တယ်လို့လည်း သူက သုံးသပ်ခဲ့ပါတယ်။ အန်ဒရူးစ်ကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီက ခန့်အပ်ထားပေမယ့် လွတ်လပ်တဲ့ ပညာရှင် တစ်ဦးအဖြစ်ပဲ အလုပ်လုပ်ပြီး ကုလသမဂ္ဂကို တိုက်ရိုက် ကိုယ်စားမပြုပါဘူး။
သူကလက်ရှိကမ္ဘာ့အခင်းအကျင်းတွေရဲ့ သဘောသဘာဝက စစ်အင်အား ကြီးသူသာ ကြီးစိုးရမယ်ဆိုတဲ့ သဘောတရားမျိုးဆီ ကူးပြောင်းလာခြင်းမျိုးက အထူးအန္တရာယ်များကြောင်း၊ အထူးသဖြင့် မြန်မာလိုမျိုး ကြမ်းကြုတ်ရက်စက်တဲ့ စစ်တပ်က ကြီးစိုးနေတဲ့ နိုင်ငံတွေအတွက် အရမ်း စိုးရိမ်စရာ ဖြစ်နေကြောင်းလည်း သတိပေးသွားပါတယ်။
သူက မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်ထဲမှာ ကြားညပ်နေရုံ သက်သက်မဟုတ်ဘဲ တမင်ရည်ရွယ် ပစ်မှတ်ထားခံရတဲ့ အခြေအနေကို ရင်ဆိုင် ဖြတ်သန်းနေရတာလို့လည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ဟာ အရပ်သား ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ တိုးမြှင့်လာခြင်းကို အန်ဒရူးစ်က မီးမောင်းထိုးပြခဲ့ပါတယ်။
အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ပထမဆုံးနှစ် ၂၀၂၁ တုန်းက စစ်တပ်ဟာ အရပ်ဖက်ပစ်မှတ် ၉ ခုကိုသာ တိုက်ခိုက်ခဲ့ဖူးပေမယ့် မနှစ်ကတော့ အရပ်ဖက် ပစ်မှတ်တွေ လေကြောင်းတိုက်ခိုက်မှု ကြုံရတာ အကြိမ်ပေါင်း ၁၁၄၀ ထိ ရှိခဲ့ကြောင်း အန်ဒရူးစ်က ပြောကြားသွားပါတယ်။
သူက စစ်တပ် စိတ်တိုင်းကျ ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းခဲ့ပါတယ်။ တရားဝင် အစိုးရ မဟုတ်တဲ့ အစုအဖွဲ့ တစ်ခုက ကျင်းပတဲ့ ရွေးကောက်ပွဲကလည်း တရားဝင်မှာ မဟုတ်ကြောင်း၊ ထွက်ပေါ်လာတဲ့ အစိုးရကလည်း အရပ်သား ဝတ်စုံနဲ့ စစ်တပ်အုပ်ချုပ်မှုမျိုးသာ ဖြစ်နိုင်ကြောင်း အန်ဒရူးစ်က ဝေဖန်သွားပါတယ်။
ကိုးကား- AFP


















































