Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်တာဟာ ပြည်သူ့အပ်နှင်းတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်း အတည်ပြုတာလို့ CRPH ဥက္ကဋ္ဌပြော

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

မတ်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးကို မတ်လ ၁၆ရက်မနက်က ကျင်းပခဲ့ရာ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ပြီး စစ်အုပ်စု ဖွဲ့မယ့် ဘယ်အဖွဲ့အစည်းကိုမဆို အသိအမှတ်မပြုကြောင်း လွှတ်တော်က ကြေညာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၀၅) ဦး(အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေရဲ့ ၇၂ဒသမ၄၄ရာခိုင်နှုန်း) တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်းက “အကြမ်းဖက် စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင်လွှတ်တော် ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့် အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်”အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ရဲ့ ပူးတွဲ ဥက္ကဋ္ဌ မစ္စတာ ချာလ်းစ်ဆန်တီရေဂို (Hon. Charles Santiago) က အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကနေ့ ပြည်ထောင်စုလွှတ်တော် နမ၀ အကြိမ် အစည်းအဝေးကို ခေါ်ယူကျင်းပတာဟာ ပြည်သူက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်းအတည်ပြုခြင်းဖြစ်ပါတ်ယ။ဒီမိုကရေစီကိုကာကွယ်ခြင်းဖြစ်ပါတယ်။မိမိတို့ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲပြီး အာဏာရှင် သက်ဆိုးရှည်စေမယ့် လမ်းကြောင်းကို မိမိတို့ရဲ့ တရားဝင်တဲ့ ပြည်သူ့ဆင့်လွှဲအာဏာနဲ့ တားဆီးနေခြင်းဖြစ်ပါတယ်” လို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

စစ်အုပ်စုကဖွဲ့မယ့် အဖွဲ့အစည်းတွေကို အသိအမှတ်မပြုကြောင်းကြေညာဖို့ အဆိုတင်သွင်းခဲ့တဲ့ ဒေါ်ဖြူဖြူသင်းကလည်း စစ်ကော်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်စားပြုမှုအနည်းငယ်ကိုသာထင်ဟပ်ခဲ့ရုံသာမက ပြည်သူသန်းပေါင်းများစွာနေရပ်စွန့်ခွာနေရချိန် အဓိက အင်အားကြီး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပါတီဝင်တွေ ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပခဲ့တာကြောင့် စစ်မှန်ပြီး ခိုင်မာတဲ့ ရွေးကောက်ပွဲ တခု မဟုတ်ဘူးလို့ ဆွေးနွေးပါတယ်။

“အထူးအရေးကြီးဆုံးကတော့ အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို တရားမဝင် လုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတခုသာ ဖြစ်ပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာ ရှိတဲ့ တရားဝင် အဖွဲ့အစည်းတရပ်လည်း မဟုတ်ပါဘူး။” လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ရွေးကောက်ပွဲတ ရပ် မဟုတ်သလို လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခ ကို ချုပ်ငြိမ်းစေမယ့် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ နိုင်ငံတကာက ထောက်ပြနေသလို မြန်မာပြည်သူတွေကလည်း ပြတ်သားစွာ ငြင်းဆိုထားတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့အဲဒီ ရွေးကောက်ပွဲရလဒ်ဖြင့်ဖန်တီးတဲ့ အတုအယောင်လွှတ်တော် ဟန်ပြအစိုးရနဲ့ ဘယ်အဖွဲ့မဆို အသိအမှတ် မပြုကြောင်း ကန့်ကွက်ပြီး ငြင်းဆိုရန် ဒေါ်ဖြူဖြူသင်းက အဆိုတင်သွင်းခဲ့ပါတယ်။

ဒေါ်ဖြူဖြူသင်း တင်သွင်းတဲ့အဆိုကို ပဲခူးဖက်ဒရယ်ယူနစ်၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ဆက်လက်ဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ရာ လွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့လို့ ရန်ကုန်ဖက်ဒရယ်ယူနစ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ ဦးနေကျော်၊ မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်သီရိရတနာ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ အရာတော်မဲဆန္ဒနယ်မှ ဦးဝဏ္ဏတို့က အဆိုကို ထောက်ခံဆွေးနွေးခဲ့လို့ စစ်အုပ်စုက ဖွဲ့မယ့်အဖွဲ့တွေ အသိအမှတ်မပြုကြောင်း လွတ်တော်က ကြေညာဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်ရှားမီး တင်သွင်းတဲ့ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်း မပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံ ဆွေးနွေးခဲ့ကြလို့ အဲဒီလို တိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ်/ဖက်ဒရယ်ယူနစ်/ဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံတမန်များ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များတက်ရောက်ခဲ့ဟု အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။