မတ်-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ထဲက MNDAA နဲ့ TNLA လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို့ ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။
MNDAAနဲ့ TNLAဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မတ်လ ၁၄ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ MNDAAက ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မတ်လ၁၆ရက်မှာ နမ့်ခမ်းဘက်ကိုပါဆက်လက်တိုက်ခိုက်နေပြီးစစ်ရေးတင်းမာနေပါတယ်။
လက်ရှိ စစ်ရေးပဋိပက္ခအခြေအနေနဲ့ပတ်သက်လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို People’s Spring က မေးမြန်းစဉ်မှာ AAရဲ့ တိုက်တွန်းချက်အကြောင်း အသိပေးတာဖြစ်ပါတယ်။

Public Service Announcement
“ MNDAA ၊ AA နဲ့ TNLA သည် ညီနောင်မဟာမိတ်သုံးဖော်တွေဖြစ်ကြပါတယ်။ ဒီလိုမျိုး နှစ်ဖော်က တိုက်ပွဲတွေပြင်းထန်နေတဲ့အလျောက် AA ဘက်ကတော့ အတတ်နိုင်ဆုံး ဗဟိုခေါင်းဆောင်တွေ ညှိနှိုင်းပြီးတော့ တွေ့ဆုံဆွေးနွေးရေးကိုပဲ တိုက်တွန်းတာတွေရှိပါတယ်” လို့ လွေးယေဦးကပြောပါတယ်။
အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့ဟာ ဆယ်စုနှစ် နှစ်ခုနီးပါးလက်တွဲခဲ့ကြတဲ့ စစ်ရေးမဟာမိတ်တွေဖြစ်ကြပါတယ်။
၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့သိမ်းတိုက်ပွဲတွေကိုတိုက်ခိုက်ခဲ့ပါတယ်။MNDAAက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။
TNLAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ နောင်ချို ၊သီပေါ၊ ကျောက်မဲမြို့တွေကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်သွားပါတယ်။မိုးမိတ်၊ မိုးကုတ်မြို့တွေကိုတော့ တရုတ်ကြားဝင်မှုနဲ့ TNLA ကစစ်တပ်ကို ပြန်လွှဲပေးခဲ့တာပါ။
TNLA နဲ့ MNDAA နှစ်ဖွဲ့စလုံးက စစ်ကောင်စီနဲ့အပစ်ရပ်ထားပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာ အချင်းချင်း တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
AAကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီနဲ့ဆွေးနွေးခြင်းမရှိသလို လက်ကျန်မြို့သိမ်းတိုက်ပွဲတွေဆက်လက်တိုက်ခိုက်နေပါတယ် ။ လက်ရှိမှာလည်း စစ်တွေမြို့၊ ကျောက်ဖြူမြို့နဲ့ ဧရာဝတီ၊ပဲခူး၊ မကွေးတိုင်းတွေက ရခိုင်ပြည်နယ်စပ်ဒေသတွေမှာ စစ်ကောင်စီစခန်းတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ TNLA၊MNDAA နဲ့AA တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကနေ အချင်းချင်းကြား မဟာမိတ်ခိုင်မာမှု၊ အဖိနှိပ်ခံအချင်းချင်း သွေးစည်းညီညွတ်ကြမှုရှိခြင်းတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရပြီး TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကိုတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မတ်လ၁၄ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကွတ်ခိုင်မြို့ကို MNDAAက ထိန်းချုပ်ထားပါတယ်။ နမ့်ခမ်းမြို့အပါအဝင်TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို MNDAAက ဆက်လက်တိုက်ခိုက်နိုင်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေဟာ စစ်ကောင်စီကိုအခွင့်အရေးပေးနေသလိုဖြစ်ပြီး MNDAAအနေနဲ့ မဟာမိတ်အချင်းချင်း စစ်ရေးအာသာချက်ယူပြီး မတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက မှတ်ချက်ပြုပြောကြားနေကြပါတယ်။
တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။
TNLA တိုက်ပွဲဖြစ်ပွားနေစဉ်မှာပင် MNDAAက စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ လားရှိုးမြို့မှာ ဒီနေ့မနက်တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ TNLAကို တိုက်ခိုက်တာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကုန်သွယ်ရေးလမ်းကို စစ်ကောင်စီနဲ့MNDAAပူးတွဲထိန်းချုပ်နိုင်ဖို့အတွက် တရုတ်ဘက်က တိုက်တွန်းတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပြီး MNDAAရဲ့ လုပ်ရပ်ကို ပြည်သူတွေကဝေဖန်နေကြပါတယ်။




















































