မတ်-၂၅၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုက ထိုင်းနိုင်ငံ ဘန်ကောက်မှာ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်)ဝယ်ယူမှုခဲ့တယ်လို့ Justice For Myanmar ကစုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
တရားမဝင်မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်ခဲ့တဲ့ကာလ ၂၀၂၂ ခုနှစ်အတွင်းမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ နဲ့ ချွေးမ မျိုးရတနာထိုက်တို့ဟာ ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ JFM ကမတ်လ၂၅ရက်မှာထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှတ်တမ်းများ၊ မြေယာမှတ်တမ်းများ၊ အများပြည်သူရရှိနိုင်သော သတင်းအချက် အလက်များနဲ့ လျှို့ဝှက်သတင်းရင်းမြစ်များအပေါ် ဆန်းစစ်လေ့လာမှုအရ မင်းအောင်လှိုင်မိသားစုဟာ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ်ရဲ့ ကူညီပေးမှုနဲ့ ထိုင်းနိုင်ငံရှိ စတော့စာရင်းဝင် အများပိုင်အိမ်ခြံမြေကုမ္ပဏီ Charn Issara Development Public Company Limited မှရောင်းချခဲ့တဲ့ အိမ်ယာကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ထွန်းမင်းလတ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ရာဇဝတ်စီးပွားလုပ်ငန်းများ စုဖွဲ့လုပ်ကိုင်မှုစ တဲ့ ပြစ်မှုတွေနဲ့ ထိုင်းကဖမ်းဆီးခဲ့သူဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးမှု မခံရစဉ် စီမံ လုပ်ကိုင်ပေးခဲ့တာဖြစ်သလို ထွန်းမင်းလတ်အား ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေစဉ် ကာလမှာပဲ ဝယ်ယူမှုကို အပြီးသတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အဖမ်းခံရတဲ့ ထွန်းမင်းလတ်ကိုလည်းထိုင်းအစိုးရက ၂၀၂၄မှာ တရားသေလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ယာဝယ်ယူမှုကိုနိုင်ငံတကာပိတ်ဆို့မှုမခံရသေးတဲ့မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်နဲ့ Charn Issara တို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပ္ဝယ်ယူမှုဟာအောင်ပြည့်စုံကိုအမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့အပြီး တစ်နှစ်ကျော်အကြာတွင် ချုပ်ဆိုခဲ့ ခြင်းဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ဖို့ မျိုးရတနာထိုက်ရဲ့အမည်နဲ့ ညှိနှိုင်းချုပ်ဆိုခဲ့တာဖြစ်နိုင်တယ်လို့ဖော်ပြပါတယ်။ ဒီနေ့အထိ မျိုးရတနာထိုက်ဟာ မည်သည့်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်ခံထားရခြင်းမရှိတဲ့အတွက် မင်းအောင်လှိုင်ရဲ့ မိသားစုအတွက် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးထားသလိုဖြစ်နေတယ် လို့လည်း JFMကထုတ်ပြန်ပါတယ်။
Justice For Myanmarရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေချိန်မှာ သူ့မိသားစုက သူတို့မတရားရရှိထားတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာကတော့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပါတယ်။ဒီလိုဖြစ်ခဲ့တာဟာ စစ်အုပ်စု၊ သူတို့ရဲ့မိသားစုတွေ၊ ခရိုနီတွေဆီကနေ တရားမဝင်ငွေကြေးတွေ ထိုင်းနိုင်ငံတွင်းစီးဝင်လာမှုကို တားဆီးဖို့နဲ့ တရားမဝင် အိမ်ခြံမြေဝယ်ယူမှုတွေကို ပိတ်ပင်ဖို့ ထိုင်းအစိုးရက ပျက်ကွက်ခဲ့လို့ပဲ ဖြစ်ပါတယ်” လို့ပြောပါတယ် ။
မင်းအောင်လှိုင်မိသားစု ဝယ်ယူတဲ့ အိမ်ယာဟာ Issara Residence, Rama 9 တွင် ရှိသော မြေဧရိယာ ၄၅၁ စတုရန်း မီတာရှိ 7C အကွက်ပေါ်တွင် တည်ရှိတဲ့ အဆင့်မြင့်အိမ်တစ်လုံးဖြစ်ပါတယ်။ စာရွက်စာတမ်းအရ Emerald Princess Co., Ltd. အမည်ရှိ ကုမ္ပဏီကပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ ကုမ္ပဏီကို အဆိုပါအိမ်ရာ ပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တစ်ပါတ်အလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်မှ တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး Emerald Princess ကုမ္ပဏီသည် အောင်ပြည့်စုံနဲ့ မျိုးရတနာထိုက်တို့အတွက် Charn Issara ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့သော ရုပ်ပြကုမ္ပဏီတစ်ခုဖြစ်နိုင်ကြောင်း Justice For Myanmar က သုံးသပ်ထားပါတယ်။
“ဝယ်ယူမှုအစပိုင်း ကြားခံအဖြစ်ဆောင်ရွက်ပေးသူ ထွန်းမင်းလတ်သည် ထိုအချိန်၌ ဖမ်းဆီးခံထားရပြီး ပြစ်မှုများနှင့် ရင်ဆိုင်နေရသည့်အခြေအနေကို သိရှိထားပါလျက် အရောင်းအဝယ်ကို ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ Charn Issara သည် ဝယ်ယူသူပိုင်ရှင်များ၏ အမည်နှင့် ၎င်းတို့၏ ငွေကြေးရင်းမြစ်များကို ဖုံးကွယ်ပေးခဲ့ပြီး နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်လွှဲနိုင်ရန် နည်းလမ်းတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုသို့ဖန်တီးပေးမှုကြောင့် Charn Issara သည် ငွေပေးချေမှု အပြည့်အဝရရှိပြီးနောက် ရောင်းချမှုကို အပြီးသတ်နိုင်ခဲ့သည်” လို့ ထုတ်ပြန်ပါတယ်။
ယုံကြည်ရသော သတင်းရင်းမြစ်များအရ ထွန်းမင်းလတ်သည် အောင်ပြည့်စုံနဲ့မျိုးရတနာထိုက်တို့ကို ကိုယ်စားပြု၍ အိမ်ရာဝယ်ယူမှုကို Charn Issara နဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အပြင် ထိုအိမ်ရာအတွက် Charn Issara ထံသို့ ပေးချေသော ငွေလွှဲပြောင်းတွေမှာလည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အိမ်ရာအတွက်ငွေပေးချေတဲ့အခါ ၂၀၂၂ ခုနှစ် မေလမှစတင်ကာ ၃၀ ရာခိုင်နှုန်း ကနဦးပေးချေမှုနဲ့ အတူ အဆင့်ဆင့် ပေးချေခဲ့တာလို့ ဆိုပါတယ်။ Charn Issara သို့ ငွေပေးချေမှုများကို ငွေသားအပ်နှံခြင်းနဲ့ ဘဏ်လွှဲပြောင်းမှုများမှတဆင့် ပြုလုပ်ခဲ့ပြီး Siam Commercial Bank ၊ Kasikorn Bank နှင့် Bangkok Bank အစရှိတဲ့ အနည်းဆုံး ထိုင်းဘဏ် သုံးခုကို အသုံးပြုခဲ့ကြောင်း ဖော်ထုတ်ထားပါတယ်။
Charn Issara ဟာ ၎င်းတို့ရောင်းချထားသူမှာ ဘယ်သူဖြစ်တယ်ဆိုတာကို တိတိကျကျ သိရှိထားမှာ ထင်ရှားပြီး၊ မင်းအောင်လှိုင်မိသားစုအား အထူးအခွင့်အရေးများ ပေးခဲ့တဲ့အပြင် အရောင်းအဝယ်မှာ အဆင့်မြင့်စီမံခန့်ခွဲသူများကိုပါ ပါဝင်စေခဲ့ကြောင်း ဖော်ပြပါတယ်။
“မင်းအောင်လှိုင်၏ မိသားစုနှင့် ၎င်းတို့၏ ခရိုနီများက တန်ဖိုးကြီးအိမ်ခြံမြေများကို အရောင်းအဝယ် ပြုလုပ်နေနိုင်ခြင်းသည် ထိုင်းအစိုးရ၊ ဘဏ်များ၊ အိမ်ခြံမြေစီမံကိန်း ဖော်ဆောင်သူများနှင့် ဥပဒေအကျိုးဆောင်ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ငွေကြေးများ စီးဝင်မှုကို တားဆီးရန်နှင့် အိမ်ခြံမြေများအား တရားမဝင်ဝယ်ယူမှုကို ဟန့်တားရန်တို့တွင် ဆိုးရွားစွာ ပျက်ကွက်နေကြောင်းကို ပြသနေသည်”လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုများ အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်မှုများတွင် တာဝန်ရှိသူဖြစ်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေစေကာမူ သားဖြစ်သူ အောင်ပြည့်စုံနဲ့ မျိုးရတနာထိုက်တို့သည် Charn Issara နဲ့ Belle Development အိမ်ခြံမြေဝယ်ယူမှုများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ Charn Issara နဲ့ Belle Development အိမ်ခြံမြေများ ဝယ်ယူရာတွင် အသုံးပြုခဲ့သော ငွေကြေးများဟာ အကျင့်ပျက်ခြစားမှုများမှ ရရှိလာသည်ဟု ယုံကြည်ဖို့ ခိုင်လုံသောအကြောင်းပြချက်တွေရှိနေကြောင်း ထုတ်ပြန်ပါတယ်။
“ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၃ အရ ပြည်ပတွင် ကျူးလွန်ခဲ့သည်ဖြစ်စေ မူလပြစ်မှုအဖြစ် သတ်မှတ်အကျုံးဝင်ပြီး၊ ၎င်းဥပဒေအရ အစိုးရမှထိုပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်သည့် အခွင့်အာဏာရှိသည်။ ထိုပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းသည် ခိုးယူခံထားရသော ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရန်နှင့် အခြား စစ်အုပ်စုအဖွဲ့ဝင်များနှင့် ၎င်းတို့၏ခရိုနီများအနေဖြင့် မတရား ရရှိထားသောပိုင်ဆိုင်မှုများကို ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းမပြုနိုင်စေရေး တားဆီးပိတ်ပင်ရာတွင် အလွန်ပင် အရေးကြီးသည်” လို့ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးပဋိဉာဏ်တွင် ပါဝင်တဲ့ နိုင်ငံဖြစ်လို့ အကျင့်ပျက်ခြစားမှုမှတစ်ဆင့် ရရှိသော တရားမဝင် လွှဲအပ်ငွေများနဲ့ ပိုင်ဆိုင်မှုများကို မူရင်းနိုင်ငံသို့ ပြန်လည်ပေးအပ်ရမည်ဆိုသော အခြေခံမူကို လိုက်နာရန် တာဝန်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
“ ဒီလိုတန်ဖိုးကြီးအိမ်ခြံမြေဝယ်ယူမှုတွေက ထိုင်းဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်နဲ့ သူရဲ့မိသားစု အပါအဝင် ပါဝင်ပတ်သက်သူတွေကို အရေးတကြီး အရှိန်မြှင့်တင် စုံစမ်းစစ်ဆေးပြီး၊ တရားစွဲဆိုမှုတွေ လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေကို မြန်မာနိုင်ငံမှာ တရားဝင် ဖက်ဒရယ်ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီး ပြန်လည်လွှဲပြောင်းပေးနိုင်တဲ့အချိန်အထိ ထိန်းသိမ်းထားရပါမယ်” လို့မရတနာမောင်ကပြောပါတယ်။
Charn Issara အိမ်ရာဝယ်ယူမှုတွင် Emerald Princess ကုမ္ပဏီမှတစ်ဆင့် အမည်ခံပိုင်ဆိုင်မှုကို အသုံးပြုခဲ့ခြင်းဟာထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် တားမြစ်ချက်ကို ရှောင်ရှားခြင်းဖြစ်ပြီး၊မြေယာပိုင်ဆိုင်မှုဥပဒေပုဒ်မ ၁၁၃ နဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ ပုဒ်မ ၃၆ တို့အရ ရာဇဝတ်မှုမြောက်နိုင်ကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့်မင်းအောင်လှိုင်နဲ့ မိသားစုဝင်များ၊ထွန်းမင်းလတ်၊ Emerald Princess၊ Charn Issara၊ Belle Developmentနဲ့ ၎င်းတို့ရဲ့ စီမံခန့်ခွဲမှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ ၊ ငွေဒဏ်ချမှတ်ခြင်း၊ တရားစွဲဆိုခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း အပါအဝင် သက်ဆိုင်ရာ ဥပဒေများအောက်ရှိ လုပ်ပိုင်ခွင့်အာဏာအားလုံးကို အသုံးပြုဖို့ JFM ကတိုက်တွန်းထားပါတယ်။
“Issara အိမ်ရာဝယ်ယူမှုသည် မျိုးရတနာထိုက်အား မည်သည့်နိုင်ငံကမှ ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ချို့ယွင်းချက်ကယ်ပေါက်တစ်ခုအဖြစ် ဖော်ပြနေသည်။ မျိုးရတနာထိုက်အပြင်၊ ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ဒဏ်ခတ်ပိတ်ဆို့ထားသော မင်းအောင်လှိုင်၏ဇနီး ကြူကြူလှကိုပါ အရေးယူပိတ်ဆို့ရန် Justice For Myanmar က တောင်းဆိုပါသည်။ အရေးယူမှုများ ထိရောက်စေရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုင်ငံများအကြားညှိနှိုင်းချမှတ်ရန်လိုအပ်ပြီး၊ ကွန်ရက်တစ်ခုလုံး လွှမ်းခြုံချမှတ်ရန် လိုအပ်သည်” လို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင်မင်းအောင်လှိုင်ရဲ့မိသားစုအတွက်Issara Residence ဟာ ထွန်းမင်းလတ်က အကျိုးဆောင် စီစဉ်ပေးခဲ့တဲ့ ပထမဆုံး အိမ်ခြံမြေဝယ်ယူမှု မဟုတ်ပါဘူး။အောင်ပြည့်စုံဟာ Belle Grand Rama 9 ကွန်ဒိုမီနီယမ်တွင်လည်း ဇိမ်ခံတိုက်ခန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး၊ ထိုပိုင်ဆိုင်မှုစာချုပ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ထွန်းမင်းလတ်ရဲ့ Belle Grand Rama 9 ရှိနေအိမ် ဝင်ရောက်စီးနင်းခံရမှုအတွင်း ထွန်းမင်းလတ်ထံမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ရဲတပ်ဖွဲ့ဟာမင်းအောင်လှိုင်ရဲ့သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ Siam Commercial Bank ဘဏ်စာအုပ် ၂ အုပ်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အောင်ပြည့်စုံဟာ ၁၈၉ စတုရန်းမီတာအကျယ် နှစ်ထပ်တိုက်ခန်း (131/999 Belle) ကို၂၀၁၇ ခုနှစ် ဧပြီလမှာဘတ်သန်း၂၀(အမေရိကန်ဒေါ်လာ ၅၈၁,၀၀၀)နဲ့ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။
မြေယာမှတ်တမ်းများစစ်ဆေးမှုအရအောင်ပြည့်စုံရဲ့ ကွန်ဒိုအခန်းကိုအခွန်မပေးချေမှုကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကတည်းက ထိန်းချုပ်ပိတ်ပင်ခံထားရကြောင်း အတည်ပြုနိုင်ပေမယ့် အဲဒီကွန်ဒိုအခန်းကို သိမ်းဆည်းနိုင်ဖို့ ထိုင်းအာဏာပိုင်တွေအနေနဲ့ နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ JFM ကတိုက်တွတ်းထားပါတယ်။
အောင်ပြည့်စုံအပြင် ထွန်းမင်းလတ်နဲ့ ဝင်းမင်းစိုး ဇနီးမောင်နှံဟာ Belle ကွန်ဒိုမှာတိုက်ခန်း ၃ ခန်း ဆက်လက်ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။
ငွေပေးချေရာတွင် ထွန်းမင်းလတ်ဟာစင်္ကာပူနိုင်ငံရှိ UOB ဘဏ်အကောင့်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းထားသောငွေများကို အသုံးပြုခဲ့ပြီး၊ အချို့မှာ အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားသော ငွေများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒါကြောင့်စင်္ကာပူနဲ့ အမေရိကန်အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စအပေါ် ငွေကြေးခဝါ ချမှု၊ အကျင့််ပျက်ခြစားမှုသံသယများအတွက် စုံစမ်းစစ်ဆေးသင့်ကြောင်း အကြံပြု တိုက်တွန်းထားပါတယ်။
ထွန်းမင်းလတ်ဟာစင်ကာပူနိုင်ငံရှိဘဏ်အကောင့်များကို အသုံးပြုပြီး တရုတ်နဲ့ အစ္စရေးတို့ထံမှ စစ်လက်နက်ဝယ်ယူမှုများမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခြင်းအပါအဝင် မြန်မာစစ်တပ်အတွက် ကာလရှည်ကြာစွာ အကူအညီများပေးအပ်ခဲ့ကြောင်း မှတ်တမ်းရှိထားတဲ့ခရိုနီတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ထွန်းမင်းလတ်ဟာယခင်စစ်အုပ်စုလက်အောက်ရှိ ဟိုတယ် နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သူ၊ လေတပ်ဒုဗိုလ်မှူးကြီးဟောင်း ခင်မောင်လတ်ရဲ့ သားဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။
ထွန်းမင်းလတ် နဲ့ ဇနီးတို့ဟာ ခရိုနီစီးပွားရေးလုပ်ငန်း Star Sapphire Group ရဲ့ ပိုင်ရှင်များဖြစ်ကြပြီး၊ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့အပါအဝင် မြန်မာစစ်တပ်နဲ့ နက်ရှိုုင်းတဲ့ မိတ်ဖက်စီးပွားရေးဆက်ဆံမှုများ ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။ လက်နက်ပွဲစားထွန်းမင်းလတ်ကို ၂၀၂၃ ခုနှစ်တွင် ယူကေ၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဝင်းမင်းစိုးကိုလည်း ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်အုပ်စုနဲ့ ခရိုနီများရဲ့ အိမ်ခြံမြေဝယ်ယူမှုများအား တုန့်ပြန်ဖို့နဲ့ ချို့ယွင်းချက် ကယ်ပေါက်များအား ပိတ်ဆို့ရန် အရေးတကြီး အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
“ မြန်မာပြည်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရဲရင့်ပြောင်မြောက်စွာနဲ့ ခုခံတွန်းလှန်လာတာဟာ အခုဆိုရင် ခြောက်နှစ်မြောက်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်၊ အစိုးရတွေအနေနဲ့ ၎င်းတို့နဲ့အတူ ရပ်တည်ပြီး စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ကိရိယာနဲ့ လေယာဉ်ဆီရရှိမှုတွေကို တားဆီးပိတ်ပင်ဖို့ အရေးယူဆောင်ရွက်ကြရပါမယ်”လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတိုက်တွန်းပါတယ် ။



















































