နွေဦးပြည်သူ့တော်လှန်ရေး (၅)နှစ်အတွင်း CDF-KKG ရဲဘော် ၉၂ဦး ကျဆုံး၊ ၂၀၀ကျော် ဒဏ်ရာရ
မတ်-၂၉၊၂၀၂၆။ထားမြတ်/People’s Spring
ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူတွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။
မတ်လ ၁၁ရက်ကနေ ၁၃ရက်အထိ ကျင်းပခဲ့တဲ့ CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီး ကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေစည်းလုံးညီညွတ်ဖို့ပြည်သူတွေ တော်လှန်ရေးမှာ ပိုမိုပါဝင်ဖို့ အခုလို နှိုးဆော်ခဲ့တာပါ။

Public Service Announcement
“ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ် ရောက်ပြီးသူအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် မိမိတို့ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်၌ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင်CDF-KKGအနေနဲ့ တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားကြောင်း ဖော်ပြပါတယ်။
တော်လှန်ရေးအင်အားစု အချင်းအချင်းအကြား သဘောထား ကွဲလွဲမှုနဲ့ သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်း ထုတ်ပြန်ခဲ့ပြီး ဘုံရန်သူကို တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။
CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်းဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။
တော်လှန်ရေး၅နှစ်တာအတွင်း CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန်အသိပေးပါတယ်။
“တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြ ကုန်သော အာဇာနည် အပေါင်းကို အစဉ်အောက့်မေ့လျက်ဂုဏ်ပြုဦးညွတ်အလေးပြုပါ ကြောင်း ဖော်ပြအပ်ပါသည်” လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် အမည်ခံ အစိုးရ ဖွဲ့စည်းတာ၊ နိုင်ငံတကာနဲ့ ပြည်တွင်းမျက်နှာစာမှာ တရားဝင်မှု ရရေး မသမာမှု နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေစတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်မှု မှန်သမျှတရားဝင်မှု မရှိတဲ့အပြင်လူထုဆန္ဒနဲ့ ဆန့်ကျင်ကြောင်း ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
အခု ကျင်းပခဲ့တဲ့ CDF-KKG ညီလာခံမှာ ဗဟိုကော်မတီဝင် များ၊ တပ်ရင်း (၇)ရင်းမှ ကိုယ်စား
လှယ်များ၊ ရပ်ရွာလူထုကိုယ်စားပြု ကိုယ်စား
လှယ်များနဲ့ လေ့လာသူများ တက် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
CDF-KKG တပ်ဖွဲ့ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်
ဆောက်ရေး၊ ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ရည်ရွယ်ပြီး ၂၀၂၁ ဇူလိုင် ၁ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါ ဒေသ မှာ အခြေပြု လှုပ်ရှား နေတာဖြစ်သလို အခြားဒေသ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း ရာချီ ပါဝင်ခဲ့ပြီး စခန်းသိမ်းအောင်မြင်မှုတွေလည်းရရှိထားပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါဒေသ လွတ်
မြောက်ရေးမှသည် မြန်မာတပြည်လုံး စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်
ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

















































