■ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ကြီးကြပ်ရေး အဖွဲ့ ကို ပူးတွဲဖွဲ့စည်းဖို့၊မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိကာကွယ်ရေးအဖွဲ့အစည်းတွေကွပ်ကဲမှု စနစ်တကျဖြစ်စေရေးပူးပေါင်းဆောင်ရွက်ဖို့ဆုံးဖြတ်
ဧပြီ-၃ရက်၊၂၀၂၆။ထားမြတ်/People’s Spring
မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။
မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၂ရက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလိုဧပြီ ၃ရက်မှာလည်းဆက်လက်ဆွေးနွေးရာ ရေနံနဲ့ရေနံထွက် ပစ္စည်းတွေကြီးကြပ်ရေး အဖွဲ့ ကို ပူးတွဲဖွဲ့စည်းဖို့၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေး အဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊လျှစ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်တဲ့ တာဝန်ရှိသူများမကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ဒုဝန်ကြီးချုပ်နဲ့မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကိုယ်စားလှယ်တဦး တို့ ဦးဆောင်တဲ့ တာဝန်ရှိသူများ ပူးတွဲ၍ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့အသိပေးပါတယ်။
“အဆိုပါ အဖွဲ့မှနေ၍ ရေနံမြေ၊ ရေနံလုပ်ငန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်သွားကြရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ရဲ့မနေ့ကထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ မြိုင်နဲ့ ပေါက်က စီမံခန့်ခွဲရေးဆိုင်ရာ ပြဿနာကိုလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြောင်း အသိပေးပြီးအဆင်ပြေမှုရရှိတဲ့အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိင်းဆွေးနွေးသွားကြဖို့ သဘောတူဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။
“ ဒီနေ့မှာဆိုရင် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဆိုတာကို အဖွဲ့ကိုဖွဲ့ပြီးတော့ ၊အဲဒီ့အဖွဲ့ထဲမှာဆိုရင်လည်း ဖက်ဒရယ်ယူနစ်အစိုးရဘက်ကလည်းပါမယ်။ ဒီဘက်အမျိုးသားညီညွှတ်ရေးအစိုးရဘက်ကလည်းပါမယ်။ အဲဒီလိုမျိုးပူးပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပြီး တော့ စီမံခန့်ခွဲ ရေးဆောင်ရွက်သွားမယ်ဆိုတဲ့ဟာမျိုးတွေ အတည်ပြုဆုံးဖြတ်ခဲ့တာရှိပါတယ်။ အဲဒိလိုပဲ မကွေး ဖက်ဒရယ်ယူနစ်အတွင်းမှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရှိတယ်။ ပကဖတွေရှိတယ်ပေါ့နော်။ ဒီကာကွယ်ရေးအဖွဲ့အစည်းတွေ ကွပ်ကဲမှုတွေ စနစ်တကျဖြစ်စေဖို့ ကိစ္စတွေရှိတယ်” လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
ဆက်လက်ပြီးတော့လည်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက” အဲဒီလိုပဲ အရင်ကာလတွေတုန်းကဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ့ ။ ဒါတွေဆိုလည်းပဲ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေတာတွေရှ်ိတယ်။ ပြီးတော့ မကွေးဖက်ဒရယ်ယူနစ်မှာ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေးပေါ့ ဒါတွေလည်းပဲ ဆောင်ရွက်ဖို့ရှိတယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အရင်တုန်းကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေရှိတယ်။ အခုကျတော့ ဖက်ဒရယ်ယူနစ်အစိုးရလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကြောင့်မိုလို့ ကျွန်တော်တို့ ဒီ မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံဆိုင်ရာဥပဒေဆိုတာကိုလည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကအတည်ပြုထားပြီဖြစ်တယ်။အဲဒီ့ဥပဒေထဲက ရေးဆွဲထားတဲ့ ဥပဒေပုဒ်မတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တာတော့ရှိပါတယ်” လို့ပြောပါတယ်။



















































